ဆံတော်ရှင်စေတီ တောင်ခြေရင်းတွင် ရွာတည်ရန် ရခိုင်လွှတ်တော်တွင် တင်ပြ

ဆံတော်ရှင်စေတီ တောင်ခြေရင်းတွင် ရွာတည်ရန် ရခိုင်လွှတ်တော်တွင် တင်ပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်  အနောက်ဖရုံကာကျွန်းတွင် တည်ရှိသော နာမည်ကြီး ဆံတော်ရှင် စေတီတော်၏ တောင်ခြေရင်းတွင် နို်င်ငံတော် အသိအမှတ်ပြု ကျေးရွာ တစ်ရွာတည်ထောင်ရန် ယနေ့ ရခိုင်ပြည်နယ် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက တင်ပြခဲ့သည်ဟု  သိရသည်။

တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းဦးက “ပေါက်တော မြို့နယ် ဂြင်းချောင်းကျေးရွာ အုပ်စုအတွင်းရှိ ဆံတော်ရှင် စေတီတော်မြတ်တည်ရှိရာ နီလာပဗ္ဗဒ တောင်ခြေရင်း အနီး ပတ်ဝန်းကျင်မှာ ပြန့်ကြဲ နေထိုင်လျက်ရှိတဲ့ အိမ်ထောင်စုများ စုစည်းပြီး အခြေချနေထိုင်နိုင်ရေးအတွက် နိုင်ငံတော် အသိ အမှတ်ပြု ကျေးရွာအဖြစ် ဆောင်ရွက်ပေးနိုင်မှု ရှိမရှိ” မေးမြန်ခဲ့သည်။

၎င်းမေးခွန်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက “ အိမ်ထောင်စုများကို စုစည်းနေထိုင်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်မယ်ဖြစ်ပြီး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ခြင်းတို့ကြောင့် ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ စီစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ သတ်မှတ်ချက်များနဲ့ ညီညွတ်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၅၄ ပါ ပြဌာန်းချက်များနဲ့ အညီ ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတ သို့ ထောက်ခံ တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်”ဟု ဖြေကြားသွားသည်။

ယင်းဆံတော်ရှင်စေတီအနီးတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုနှင့် ခမီတိုင်းရင်းသားမျိုးနွယ်စု အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ကျား ၁၀၂ ဦး၊ မ ၉၅ ဦး စုစုပေါင်း ၁၉၇ ဦးတို့သည် ပြန့်ကြဲနေထိုင်လျက်ရှိပြီး တောင်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း၊ ယင်းအနီးတွင် စိုးမဲကျီကျေးရွာ၌ ဆေးပေးခန်းတစ်ခုရှိပြီး၊ ဘုရားတောင်ခြေရင်းတွင် လုံခြံုရေးတပ်နှင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြံုရေးစခန်းရှိသည့်အပြင် ကျေးရွာအတွက် ဘုန်းတော်ကြီးကျောင်းလည်း ရှိကြောင်း သိရသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းဦးက ကြယ်ပွင့်ပြ မေးခွန်း အဖြစ် မေးမြန်းရာတွင် အဆိုပါကျေးရွာသားများသည် နှစ်စဉ် နှစ်တိုင်းကျရောက်သည့် ဆံတော်ရှင်ဘုရားပွဲတွင် ကာယ ဉာဏစွမ်းအားဖြင့် ကူညီကြသည့်အပြင် ဆံတော်ရှင်စေတီတော်မြတ်ကြီးအား ထိန်းသိမ်း စောင့်ရှောက်ရန် အလုပ်အကျွေးပြုနေထိုင်လျက်ရှိရာ ကျေးရွာအဖြစ်ထူထောင်ပေးပါက ယင်းကျေးရွာသားများ၏ နိမ့်ကျနေသော လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း အထောက်အကူ ပြုနိုင်ကြောင်း  တင်ပြပြောကြားခဲ့သည်။

IMG 1599

ဆံတော်ရှင်စေတီတွင် နတ်တော်လရောက်တိုင်း ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဘူးခရီးသွားများ သိန်းချီ  လာရောက်လျက်ရှိရာ ခရီးသွားလာရေး အဆင်ပြေရေးချောမွေ့စေရန်အတွက် ကားလမ်းတစ်ခုကိုလည်း ဖေါက်လုပ်လျက်ရှိကြောင်း သိရှိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...