အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှု တာဝန်ရှိသူ ၀န်ထမ်းများအား အရေးယူ

အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှု တာဝန်ရှိသူ ၀န်ထမ်းများအား အရေးယူ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် မြေပုံမြို့အကြားရှိ ပင်လယ်ပြင်တွင် ပြီးခဲ့သည့်မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် အောင်တံခွန်(၃)သင်္ဘောနစ်မြုပ်မှုကြောင့် ပြည်တွင်းရေကြောင်း (ရခိုင်ဌာနခွဲ)မှ တာဝန်ရှိသူအချို့အား ဧပြီလမှစ၍ ရာထူးမှ ရပ်စဲလိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

တာဝန်မှ ရပ်စဲခံလိုက်ရသူများမှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ကျောက်ဖြူမြို့နယ် မန်နေဂျာ ဦးသန့်ကျော်နှင့် တောင်ကုတ်မြို့နယ် မန်နေဂျာ ဦးထွန်းအေးတို့ဖြစ်သည်။

“သူတို့နှစ်ယောက်ကို အလုပ်ထုတ်ပြီးတော့ ကျန်တဲ့ဝန်ထမ်း ၁၅ ယောက်ကို ရာထူးလျှော့တယ်၊ မယူမနေရ ပင်စင်ပေးတယ်၊ လစာထက်ဝက် တစ်နှစ်ဖြတ်တောက်ပြီးတော့ ရေယာဉ်စီးနင်းခွင့်ကိုလည်း
တစ်နှစ် ရပ်ဆိုင်းလိုက်တယ်” ဟု ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ််ဦးက ပြောသည်။

စစ်တွေသင်္ဘောကျင်း အင်ဂျင်နီယာဌာနမှ ဒုတိယ အင်ဂျင်နီယာမှူးကြီးအား တစ်နှစ်ရာထူးလျှော့ထားခြင်း၊ သယ်ယူပို့ဆောင်ရေးဌာန (ရခိုင်ဌာနခွဲ) လက်ထောက်အထွေထွေမန်နေဂျာအား တစ်ဆင့်နိမ့် မန်နေဂျာရာထူးသို့ လျှော့ချခြင်းနှင့် ရေကြောင်းဌာန(ရခိုင်ဌာနခွဲ) လက်ထောက်ရေကြောင်း ဌာနမှူးချုပ်၊ အောင်တံခွန် (၃) ရေယာဉ်အုပ်၊ တက်မကိုင်(၅) ကုန်တာဝန်၊ ရေကြောင်းဌာနမှ တက်မကိုင် ၅ နှစ်ဦး၊ အင်ဂျင်နီယာဌာနမှ စက်ခန်းအုပ် ၃ နှင့် သင်္ဘောစာရေးတို့အား မယူမနေရ အငြိမ်းစား ပေးခဲ့သည်။

ယင်းအပြင် သင်္ဘောသား ခြောက်ဦးတို့အား လစာထက်ဝက် ဖြတ်တောက်ခြင်းနှင့် ရေယာဉ်စီးနင်းလိုက်ပါခွင့် တစ်နှစ် ဖြတ်တောက်ခြင်း ပြစ်ဒဏ်များကို ချမှတ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ပြစ်ဒဏ်များပေးလိုက်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သူ ဦးခိုင်ကောင်းစံက “အခုလိုအပြစ်ပေးမယ်ဆိုရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထဲက လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုလည်း အပြစ်ပေးမှ တရားမျှတမှုရှိတဲ့ အပြစ်ပေးမှု ဖြစ်ရမယ်လို့ ထင်ပါတယ်။ ဝန်ကြီးက သင်္ဘောကျင်းကို အရင်က သွားပြီးတော့ စစ်ဆေးမှုတွေ လုပ်ဖူးရဲ့လားလို့လည်း မေးခွန်းထုတ်ချင်ပါတယ်။ ဒါကြောင့် သူလည်း အဲဒီပြဿနာကို တာဝန်သိတဲ့ စိတ်ဓာတ်နဲ့ တာဝန်ခံရပါမယ်”ဟု သူ၏အမြင်ကိုပြောသည်။

ယခုကဲ့သို့ အပြစ်ပေးခြင်းကို အောင်တံခွန်(၃)သင်္ဘောနစ်မြုပ်မှုစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များအရ ဗဟိုအစိုးရနှင့် ပို့ဆောင်ရေး ၀န်ကြီးဌာနတို့က အဓိက ဆောင်ရွက်ခြင်းဖြစ်ပြီး အပြစ်ပေးသည့် အကြောင်းကြားစာကို ပြည်နယ်အစိုးရအဖွဲ့က ဧပြီလ ၂၅ ရက်နေ့ နေ့စွဲဖြင့် မိသားစုဝင်များထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍  အပြစ်ပေးခြင်းခံရသူများကို နိရဥ္စရာက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

အောင်တံခွန်(၃)သင်္ဘောသည် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့၊ ည ၈ နာရီခန့်က ကျောက်ဖြူမြို့နှင့် မြေပုံမြို့ အကြားရှိ ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့နစ်မြုပ်မှုကြောင့် ခရီးသည် ၁၆ဝ ကျော် သေဆုံးခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းခဲ့သည့် စုံစမ်းရေး ကော်မရှင်က သေဆုံးသူမှာ  ရဝ ကျော်သာ ရှိကြောင်း  ဆိုထားသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...