သို့သော်လည်း စစ်တွေမြို့တွင် စက်မူဇုန် လုပ်ရန်ဟု အကြောင်းပြကာ ၁၉၉၂-၁၉၉၃ ခုနှစ် သိမ်းဆည်းထားသော မြေများကို စီမံကိန်း အကောင်အထည် မဖော်ဖြစ်သော်လည်း မူလပိုင်ရှင်များသို့ ပြန်ပေးအပ်ခြင်း မရှိဘဲ ယခင်အစိုးရလက်ထက် အာဏာရှိခဲ့သူအချို့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူအချို့မှ ရောင်းစားမှုများ ရှိနေကြောင်း သတင်း ရရှိသည်။
“ကျွန်တော်တို့ လယ်ယာမြေတွေကို ၁၉၉၂-၉၃ ကတည်းက သိမ်းထားတာပါ။ သိမ်းတယ်ဆိုတာကို တရားဝင် အကြောင်း မကြားတဲ့အပြင် လျော်ကြေးလည်း တစ်ပြားတစ်ချပ်မှ မပေးဘဲ သိမ်းယူ သွားကြတာပါ။ သိမ်းဆည်းသွားတဲ့မြေထဲမှ တစ်ချို့ကို ပိုက်ဆံချမ်းသာသူတွေက ၀ယ်ယူပြီးတော့ ပြန်လည် ထွန်ယက် နေတာတွေကို တွေ့မြင် ခဲ့ရပါတယ်။ လယ်သမားတွေကတော့ ကိုယ့်မြေကိုကိုယ် အသုံးချခွင့် မရ ရှိခဲ့ကြပါဘူး။ ဒုက္ခဆင်းရဲနဲ့ပဲ ရင်ဆိုင်ခဲ့ကြရပါတယ်။ ကျန်တဲ့မြေတွေကိုလည်း စီမံကိန်းဖေါ်ဆောင်မှု လုံးဝမရှိခဲ့ဘဲ ၂၀၁၆ ခု ရောက်မှ ခြံခတ်ပြီးတော့ တစ်ကွက်ကို ကျပ်သိန်း ၄၅၀-၅၀၀ နဲ့ ရောင်းချ နေကြတာတွေကို တွေ့မြင်နေရပါတယ်။ လူနေ ရပ်ကွက်အဖြစ် ဖေါ်ဆောင်မယ်လို့ ကြားသိနေရပါတယ်” ဟု စစ်တွေမြို့နယ် ထွေအုပ် ၀န်ထမ်းအငြိမ်းစားလည်းဖြစ်၊ လယ်သမားလည်းဖြစ်သူ ဦးရန်မျိုးအောင်က နိရဥ္စရာသို့ ရှင်းလင်း ပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး လျော်ကြေး တစ်စုံတစ်ရာ မရရှိဘဲ လယ်မြေများ အသိမ်းခံခဲ့ရသော ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နှင့် ကျေးတောရပ်ကွက်တို့မှ လယ်သမားများမှ လွှတ်တော် ကိုယ်စားလှယ်များသို့ တိုင်ကြား အကူအညီတောင်းရာ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးနှင့် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်တို့ လယ်သမားများနှင့် သွားရောက် တွေ့ဆုံခဲ့သည်ဟု သိရသည်။
ဦးကျော်ဇောဦးက “ကျနော်တို့ ဒီ ကျေးတောနဲ့ ဆတ်ရိုးကျရပ်ကွက်မှာပေါ့နော်၊ လယ်ယာမြေတွေ အသိမ်း ခံထားရတာတွေရှိတယ်။ အဲ့ဒီကိစ္စဟာ ပုံမှန်မဟုတ်သလို ရိုးရိုးသား ကိစ္စနဲ့သိမ်းတဲ့ ကိစ္စရပ်တွေ မဟုတ်ကြောင်း သိရတယ်။ ၁၉၉၂-၉၃ ကတည်းက စက်မှုမြေကွက်အဖြစ် ဆိုပြီးတော့ သိမ်းထားတယ်။ သိမ်းပြီးတော့ စီမံကိန်း အကောင်အထည် ဖေါ်ဆောင်ခြင်းလည်း မရှိပါဘူး။ ပြီးတော့ လယ်သမားတွေက သိမ်းဆည်းမြေထဲမှာ ကိုယ့်ဟာကိုယ် လုပ်နေတာတွေလည်းရှိခဲ့ပါတယ်။ အခု လွန်ခဲ့တဲ့ နှစ်လ သုံးလ ရောက်မှ ဆတ်ရိုးကျ တံတားထိုးမယ်ဆိုပြီးတော့ ဖြစ်လာတဲ့အကျိုးဆက်ထင်ပါတယ်။ အဲ့ဒီအချိန်ကျမှ အဲ့ဒီအကွက်တွေကို စက်မှုရပ်ကွက်အဖြစ် ဖေါ်ဆောင်တယ်ဆိုပြီးတော့ ချက်ချင်း အကွက်တွေရိုက်ပြီးတော့ ခြံခတ်ကြတယ်။ အဲ့ဒီအကွက်ကို လူနေရပ်ကွက်အဖြစ် ပြောင်းမယ်ဆိုပြီးတော့ ယခင်အစိုးရ သက်တမ်း မကုန်ဆုံးမီကာလမှာ မရမက ပြောင်းကြတယ်ဆိုတာကို တွေ့ရပါတယ်။ အဲ့ဒါတွေကို သက်ဆိုင်ရာ လယ်သမားတွေ မနစ်နာရအောင် ဘယ်လို လုပ်နိုင်မလဲ၊ အဖြစ်အပျက်မှန်က ဘာတွေလဲဆိုတာကို ကျွန်တော်တို့ မြေပြင်အခြေအနေကို သိရှိနိုင်ဖို့ လယ်သမားတွေကို တွေ့ဆုံမေးမြန်းရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
လယ်သမားများနှင့် တွေ့ဆုံပွဲကို စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ဝေဠုဝန်ကျောင်း ဓမ္မာရုံတွင် သြဂုတ်လ ရ ရက်နေ့ နံနက် ၁၀ နာရီကျော်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ ဆတ်ရိုးကျရပ်ကွက်နှင့် ကျေးတောရပ်ကွက်မှ လယ်သမား ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကလည်း လယ်သမားများအနေဖြင့် အစိုးရပိုင်းနှင့် သက်ဆိုင်ရာ ဌာနများကိုသာ တိုင်ကြားခြင်း မဟုတ်ဘဲ လွှတ်တော်တွင်ဖွဲ့စည်းထားသည့် လယ်ယာ၊ သားငါး ကော်မတီသို့ တိုက်ရိုက်တိုင်ကြားပါက ပိုမိုထိရောက်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
စက်ရုံစုရပ်ကွက်တွင် စုစုပေါင်း အသိမ်းခံထားရသော လယ်မြေဧက စုစုပေါင်းမှာ ၁၁၃ ဒသမ ၄၉၇ ဧကဖြစ်ပြီး ယင်းအထဲတွင် လယ်ယာမြေ ၁၁၀ ဒသမ ၄၉၇ ဧက ပါ၀င်ပြီး၊ ဓနိမြေ ၃ ဧက ပါ၀င်ကြောင်း၊ ၎င်းမြေများကို လယ်သမား ၁၅ ဦး ပိုင်ဆိုင်ကြောင်း သိရသည်။ ၎င်းအပြင် ကျေးတောရပ်ကွက်မှ လယ်သမား များတွင်လည်း လယ်မြေ အများအပြား အသိမ်းခံထားရသည်ဟု သိရသည်။
ကျေးတောအုပ်စု ကျေးတောရွာမှ ဦးဦးကျော်စိန်က “ကျွန်တော့်မှာ လယ်မြေဧက ၂ ဒသမ ၈၇ ကို ၁၉၉၇-၉၈ ကတည်းက အသိမ်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒါတွေကို အပြင်လူတွေက ၀ယ်ယူထားကြပြီးတော့ မြေကွက်ရိုက်ထားတာကို တွေ့မြင်နေရပါတယ်။ အဲ့ဒီမြေတွေကို ပြန်လည်ရရှိဖို့အတွက် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို တရားဝင်စာတင်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
မကြာသေးမီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရက် ၁၀၀ စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများသို့ ရှင်းလင်းပြောကြားရာတွင် လဒ်ပေးလဒ်ယူမှုများကို ပြည်သူများက တိုင်ကြားလာပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ပြောကြားထားသည်။ သို့အတွက် ယခု လယ်မြေများ ကိစ္စကို ရခိုင်ပြည်နယ် အစိုးရသို့ တိုင်ကြားရန် လယ်သမားများက စီစဉ်နေကြောင်း သိရသည်။







