ရခိုင်ငါးသယံဇာတထိမ်းသိမ်းရေး ပြည်နယ်လွတ်တော်တွင်ဆွေးနွေး

ရခိုင်ငါးသယံဇာတထိမ်းသိမ်းရေး ပြည်နယ်လွတ်တော်တွင်ဆွေးနွေး
by -
မဇ္ဈိမ
ရခိုင်ပင်လယ်ပြင်မှငါးများကို အဆမတန် ဖမ်းဆီးမှုပြုနေသဖြင့် ငါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် အချိန်မီထိမ်းသိမ်းရန်  သြဂုတ်လ ၃ ရက်နေ့ကကျင်းပပြုလုပ်သည့် ရခိုင်ပြည် နယ်လွှတ်တော် ဒုတိယအကြိမ်၊ ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက အစိုးရကို တိုက်တွန်းခဲ့သည်။

 ရခိုင်ပင်လယ်ပြင်အတွင်း ဝင်ရောက်ကာ ငါးဖမ်းဆီးနေကြသည့် သင်္ဘောများသည် ပြဌာန်းထားသည့် ဥပဒေများကို ချိုး ဖောက်မှုများ ရှိနေပြီး ပြည်တွင်း၊ ပြည်ပ အကြီးစား ငါးဖမ်းသဘောင်္ာများမှာ ကမ်းနီးငါးဖမ်းကွက်များသို့ ၀င်ရောက် ဖမ်းဆီးမှု ရှိနေသဖြင့် တိကျစွာ ကိုင်တွယ်ပေးရန် လွတ်တော်ကိုယ်စားလှယ်များက အစိုးရကို တိုက်တွန်းခဲ့သည်။

“အဲဒီငါးဖမ်းသင်္ဘောတွေဟာ ဘယ်လို ငါးဖမ်းကိရိယာတွေကို အသုံးပြုပြီးတော့ ဖမ်းဆီးနေတယ်ဆိုတာကို မသိရရှိရပါဘူး။ ပင်လယ်ကြမ်းပြင်မှာရှိနေတဲ့ ငါးသဲ ငါးနုတ်က အစ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီမှာဆိုရင် စားသုံးလို့မရတဲ့ ဟာတွေကို ကြက်စာအဖြစ်ထုတ်လုပ်လို့ရပါတယ်။ အခုလိုမျိုး မိုးတွင်း ကာလတွေမှာဆိုရင် အဲဒီအမှိုက်တွေကို ပင်လယ်ထဲ စွန့်ပစ်ကြတဲ့အတွက် ပင်လယ်ပြင်ညစ်ညမ်းမှုတွေကိုလည်းဖြစ်စေပါတယ်။ ဒါကြောင့် အခုလိုမျိုး မပြုလုပ်ရအောင်တားဆီးဖို့ အတွက် အစိုးရကို တိုက်တွန်းတာဖြစ်ပါတယ်။” ဟု စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နယ်မြေ ကိုယ်စားလှယ် ဦးအေးသိန်းကပြည်နယ်လွတ်တော်တွင် သတိပေးပြောဆိုလိုက်သည်။

နော်ဝေနိုင်ငံမှ ရခိုင်ပင်လယ်ပြင်အတွင်း သုတေသနပြုချက်အရ ပင်လယ်ပြင်အတွင်းတွင် ရေပေါ် ငါးကျန်ရှိသည့် အနေအထားမှာ ၁၀ ရာခိုင်နှုန်းခန့်နှင့် ရေအောက်ငါး ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

ထို့အပြင် ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှု ပမာဏမှာ တစ်နှစ်လျှင် တန်ချိန်တစ်သန်း အထိ ဖမ်းဆီးလျှက်ရှိနေပြီး ဆက်လက်ခွင့်ပြုထားပါက လာမည့် ငါးနှစ်တာ ကာလအတွင်း ငါးများ မျိုးတုန်းသွားနိုင်ကြောင်းနှင့် ငါးဖမ်းဆီးမှု ပမာဏကို တစ်နှစ်လျှင် တန်ချိန် တစ်သိန်းအထိ လျှော့ချပြီး ဖမ်းဆီးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံ၏ ရခိုင်ပင်လယ်ပြင်ဆိုင်ရာ သုတေသန အစီရင်ခံကို ကိုးကား၍ ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွေးက ပြောသည်။

“အရင်ကတည်းကပင် ပြဌာန်းထားတဲ့ မြန်မာ့ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း ဥပဒေ ဆိုတာရှိပါတယ်။ ပထမအကြိမ်မှာ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ငါးဖမ်းလုပ်ငန်းနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်တွေမရှိခဲ့ဘူး။ အခု ဒုတိယအကြိမ်မှာတော့ ပင်လယ်ပြင်ကမ်းနီး ငါးဖမ်းလုပ်ငန်းဥပဒေကိုပြဌာန်းဖို့အတွက် ဥပဒေကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်။ ဒီဥပဒေကို ပြဌာန်းထားတာမရှိသေးတဲ့အတွက် ပင်လယ်ပြင်ငါးဖမ်းသင်္ဘောတွေကို စနစ်တကျ တားဆီးနိုင်ဖို့ဆိုတာဟာ စောပါသေးတယ်။ အခုရေးဆွဲထားတဲ့ ဥပဒေကြမ်းကိုပြဌာန်းပြီးမှဘဲ ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရတာ လွယ်လိမ့်မယ်လို့ မြင်ပါတယ်။”ဟု လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးမြသန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ငါးသယံဇာတ ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်းခွင့် လိုင်စင်ချပေးမှုကို ရပ်နားထားခဲ့ရာမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ငါးလုပ်ငန်း ဦးစီးဌာနက  အောင်ထွန်းမြတ်ကုမ္ပဏီကို လိုင်စင်ချပေးခဲ့ပြီး သင်္ဘော ၈၉ စီးကို ခွင့်ပြုခဲ့သည်။

လက်ရှိအချိန်တွင် တရားဝင် ငါးဖမ်းဆီးခွင့် လိုင်စင်နှင့် လုပ်ကိုင်နေသော သင်္ဘောပေါင်း ၃၀၀၀ ကျော် ရှိနေပြီး ငါးသယံဇာတ ရှားပါးမှုကို ဖြေရှင်းနိုင်ရန် တစ်စီးလျှင် ၃၃ တန်သာ ဖမ်းဆီးခွင့်ပြုထားကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...