ကိုယ်ကျိုးအတွက် ဆောက်ထားသည့် ဆည်များ အများအပြားရှိနေ၊ ပြန်သုံးသပ်မည်ဟု ဒုဝန်ကြီးပြော

ကိုယ်ကျိုးအတွက် ဆောက်ထားသည့် ဆည်များ အများအပြားရှိနေ၊ ပြန်သုံးသပ်မည်ဟု ဒုဝန်ကြီးပြော
by -
မဇ္ဈိမ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား ၂၀၁၆ခုနှစ်၊ မေလ ၁၀ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား ၂၀၁၆ခုနှစ်၊ မေလ ၁၀ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 မြန်မာနိုင်ငံတွင် ကိုယ်ကျိုးစီးပွားအတွက် တည်ဆောက်ထားသော ဆည်များ အများအပြားရှိနေပြီး အဆိုပါဆည်များကို ပြန်လည်သုံးသပ်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောဆိုလိုက်သည်။

"များသောအားဖြင့် EIA/SIA(လူမှုပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်)ထက် ကိုယ်ကျိုးစီးပွားကို ရှေးရှုပြီးဆောက်ထားတဲ့ ဆည်တွေလည်း ရှိပါတယ်" ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

ဩဂုတ် ၂ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြစ်သားမြို့နယ်အမတ် ဒေါက်တာလင်းလင်းကျော်မေးမြန်းသည့် ဆည်နှင့်ပတ်သက်သော မေးခွန်းအား လာရောက်ဖြေကြားစဉ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"တိုင်းပြည် တနံတလျားမှာ ဆည်ပေါင်း ၅၀၀ကျော်ရှိပါတယ်။ ငါးရာကျော်ကလည်း ပြီးခဲ့တဲ့ခေတ်ကာလအနေအထားအရ တစ်လတစ်စင်းမဖြစ်မနေဆောက်ရမယ်ဆိုတော့ ဆည်ဆောက်ပြီးတော့ မြောင်းမရှိတဲ့ဟာမျိုးတွေက ဒုနဲ့ဒေးနဲ့ ရှိခဲ့ပါတယ်" ဟု ဒေါက်တာထွန်းဝင်းက ဆိုသည်။

ဆည်တည်ဆောက်မှုနှင့်ပတ်သက်၍ ခါးသီးသည့်အတွေ့အကြံုများစွာရှိသည်ဟု ဒေါက်တာထွန်းဝင်းကဆိုပြီး အကျိုးမရှိသည့် ဆည်များကို ပြန်လည်သုံးသပ်သွားမည်ဟုလည်း လွှတ်တော်တွင် ပြောသည်။

"ကုန်ကျစရိတ်များပြီး ဘေးထွက်ဆိုးကျိုးတွေရှိရင်၊ တိုင်းပြည်အတွက်အကျိုးမရှိရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတာ Team ဖွဲ့ပြီးတော့ ဆက်လက်သုံးသပ်ပြီးတော့ တိုင်းပြည်အကျိုးပြုဖို့နဲ့ ကုန်ကျစရိတ်သက်သက်သာတဲ့ဟာမျိုးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ကတိပြုပါတယ်" ဟု ၎င်းက ပြောသည်။

လွှတ်တော်အမတ် ဒေါက်တာလင်းလင်းကျော်၏ "ကင်းတားရေလွှဲဆည်မှ မိတ္ထီလာသို့ ရေစုပ်စက်ကြီးများနှင့် ရေပေးဝေရေးစီမံကိန်းပြီးဆုံးပါက မြေဧကသုံးသောင်းကျော်ကို ရေပေးနိုင်ခြင်း ရှိ၊ မရှိ" ဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီးလည်း ဒေါက်တာထွန်းဝင်းက "သုံးသပ်ပြီးတော့ အကျိုးမရှိဘူးဆိုရင် ပြင်ဆင်မယ်" ဟု ပြန်လည်ဖြေကြားသည်။

ဒေါက်တာထွန်းဝင်း၏ အဆိုပါ ဖြေကြားချက်အပေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က "အဲ့ဒီကိစ္စကို အားလုံးစုံစမ်း၊ လေ့လာ၊ ဆုံးဖြတ်ပြီးရင် လွှတ်တော်ကို ပြန်လည်တင်ပြရန် လွှတ်တော်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကို ပြောကြားအပ်ပါတယ်" ဟု ဆိုသည်။

ဒေါက်တာထွန်းဝင်း၏ ပြောဆိုချက်အရ အကျိုးမရှိသည့် မြစ်ရေတင်စီမံကိန်း ၁၇၀ကျော်ကိုလည်း အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု သိရသည်။

"မြစ်ရေတင်စီမံကိန်းတွေကလည်း သဲထဲရေသွန်သလို အလုပ်မဖြစ်တော့ သုံးရာကျော်သော မြစ်ရေတင်စီမံကိန်းတွေမှာ ၁၇၀ကို ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်" ဟု ဒေါက်တာထွန်းဝင်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...