ကိုးကွယ်ရာဘာသာအလိုက် လူဦးရေစာရင်း အစိုးရထုတ်ပြန်

ကိုးကွယ်ရာဘာသာအလိုက် လူဦးရေစာရင်း အစိုးရထုတ်ပြန်
by -
မဇ္ဈိမ
၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကောက်ယူထားသော ကိုးကွယ်ရာဘာသာဆိုင်ရာ အချက်အလက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂၁ရက်တွင် ထုတ်ပြန်လိုက်သည်။

သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိသော ရခိုင်ပြည်နယ်မှ ခန့်မှန်းလူဦးရေ (၁.၀၉)ရာခိုင်နှုန်း ကိုပါ ထည့်သွင်းတွက်ချက်ထားသည့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ဒသမ ၉ရာခိုင်နှုန်း၊ ခရစ်ယာန် ၆ဒသမ ၂ရာခိုင်နှုန်း၊ အစ္စလာမ် ၄ဒသမ ၃ရာခိုင်နှုန်း၊ ဟိန္ဒူ ၀ဒသမ ၅ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၀ဒသမ ရာခိုင်နှုန်း၊ အခြားဘာသာ ၀ဒသမ ၂ရာခိုင်နှုန်းနှင့် ဘာသာမရှိသူများ ၀ဒသမ ၁ရာခိုင်နှုန်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိုးကွယ်ရာဘာသာလူဦးရေစာရင်းမှာ ၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူရရှိသော လူဦးရေနှင့် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေအပါအဝင် လူဦးရေ (၅၁,၄၈၆,၂၅၃) ကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ စာရင်းကောက်ယူနိုင်ခြင်းမရှိသော ခန့်မှန်းလူဦးရေ (၁ဒဿမ ၀၉ရာခိုင်နှုန်း)သည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်သည်ဟု ယူဆထားသည်ဟုလည်း လ.ဝ.က ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုထုတ်ပြန်လိုက်သည့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းသည် တိုင်းနှင့် ပြည်နယ်အဆင့်ထိသာ ထုတ်ပြန်ထားပြီး ခရိုင်နှင့် မြို့နယ်အဆင့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းအချိုးအစားကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

"ခရိုင်၊ မြို့နယ်အဆင့်ထိ ထုတ်ပြန်မယ်ဆိုရင် အချို့သောဒေသတွေမှာ လူဦးရေအနည်းငယ်သာရှိတဲ့အတွက် ကိုယ်ရေးအချက်အလက် လုံခြံုစိတ်ချရမှုကို ကျိုးပေါက်စေနိုင်ပါတယ်။ ၂၀၁၃ခုနှစ်၊ သန်းခေါင်စာရင်းဥပဒေအရ တစ်ဦးချင်းစီရဲ့ အချက်အလက်လုံခြံုစိတ်ချရမှုကို ကျွန်တော်တို့ ထိမ်းသိမ်းတဲ့အနေနဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် မထုတ်ပြန်ခြင်းဖြစ်ပါတယ်" ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ကိုးကွယ်သည့်ဘာသာစာရင်းကောက်ယူရရှိသော လူဦးရေအရ တိုင်းနှင့်ပြည်နယ်အသီးသီးအနက် ရန်ကုန်တိုင်းတွင် ဗုဒ္ဓဘာသာကိုးကွယ်သူနှင့် အစ္စလာမ်ဘာသာကိုးကွယ်သူ အများဆုံးရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူနိုင်ခြင်းမရှိသော ဒေသများအတွက် ခန့်မှန်းလူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် ၄၆,၆၀၀ဦး၊ ကရင်ပြည်နယ်တွင် ၆၉,၇၅၃ဦးနှင့် ရခိုင်ပြည်နယ်တွင် ၁,၀၉၀,၀၀၀ဦးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထုတ်ပြန်လိုက်သည့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းမှာ တိကျခိုင်မာမှုရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက   နေပြည်တော် Hotel Maxတွင်ပြုလုပ်သည့် ကိုးကွယ်သည့်ဘာသာဆိုင်ရာအချက်အလက်များ ထုတ်ပြန်ပွဲအခမ်းအနားအပြီးတွင် မီဒီယာများကို ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...