၀ဲကြီးထောင့်၊ လင်းစင် ရွာသစ် ရွာသားများ ဖမ်းဆီးနှိပ်စက်ခံရဟုဆို

၀ဲကြီးထောင့်၊ လင်းစင် ရွာသစ် ရွာသားများ ဖမ်းဆီးနှိပ်စက်ခံရဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ၀ဲကြီးထောင့်၊ လင်းစင် ရွာသစ် ရွာသားများကို စစ်တပ်က ဖမ်းဆီးနှိပ်စက်မှုများ ရှိနေသည်ဟု ကျေးရွာသားများက နိရဥ္စရာသို့ ပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖမ်းဆီးခံရသူ ရ၀ နီးပါးခန့်ရှိပြီး နှိပ်စက်ညှဉ်းပမ်းမှုများ ရှိနေသဖြင့် ကျေးရွာသားများအနေဖြင့် အထူး ဒုက္ခရောက်နေကြသည်ဟု ကျေးရွာသားများက ပြောဆိုသည်။

“ကျွန်တော်တို့ကို ရက္ခိုင့်တပ်မတော်ကို အားပေးတယ်ဆိုပြီး ဖမ်းဆီးတာပါ။ အရိုက်ခံရပြီး ခေါင်းကွဲသူကွဲ၊ လက်ကျိုးသူကျိုး အဲသလိုမျိုး ဖြစ်နေပါတယ်။ ၀ဲကြီးထောင့်နဲ့ ရွာသစ်ကြားမှာ မူလတန်းကျောင်းမှာ ဖမ်းဆီးပြီး အဲ့ဒီလိုမျိုး ပြုလုပ်နေတာပါ” ဟု အမည်မဖော်လိုသူ ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ် မေးမြန်းရာ စစ်မြေပြင်ဖြစ်၍ သူ့အနေဖြင့် အတိအကျ မသိရှိနိုင်ကြောင်း ပြောဆိုသည်။

“စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် စစ်တွေမြို့မိ မြို့ဖ အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ ဟို စပါးဆိပ်ထိ သွားရောက် လှူဒါန်းခဲ့ကြပြီ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် လုံလောက်တဲ့အပြင် ပိုလျှံလို့တောင် နေပါတယ်။ ရခိုင်ပြည်နယ် အစိုးရကလည်း ကူညီထားတာတွေ အများကြီးဖြစ်ပါတယ်။ ဖမ်းဆီးခံရတယ်ဆိုတာတော့ စစ်မြေပြင်ဖြစ်တဲ့ အတွက် ကျွန်တော်အနေနဲ့ မသိရှိနိုင်ပါဘူးခင်ဗျား” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားရာ ပီချောင်း စပါးဆိပ်သို့ ရိက္ခာများ သွားရောက် လှူဒါန်းခဲ့သည့် ကျောက်တော် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းအား ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခံထားရသူ (၁၁) ဦးနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု သိရသည်။

“ရွာသားတွေကို ဖမ်းဆီး နှိပ်စက်မှု ရှိသလား၊ မရှိဘူးလားတော့ ကျွန်တော်တို့ မသိဘူးဗျာ။ လင်းစင်ရွာသစ် ဘုန်းကြီးကျောင်းကို ရောက်ပြီး အကူအညီတွေ ပေးခဲ့ပါတယ်။ ဆရာတော်ရယ်၊ အုပ်ချုပ်ရေးမှူးတွေကိုတော့ တွေ့ခဲ့ပါတယ်။ မိုးချုပ်တော့မှာ ဖြစ်တဲ့ အတွက် ရွာထဲကိုတော့ မဝင် ဖြစ်ခဲ့ဘူး။ မသင်္ကာမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ၁၁ ယောက်ကိုတော့ တွေ့ခဲ့ရပါတယ်။ တချို့လည်း ပုံမှန်ပါဘဲ။ တချို့ကတော့ စစ်ဆေးမေးမြန်းခံနေရတဲ့ ပုံရှိပါတယ်” ဟု ဦးစောငြိမ်းက ပြောဆိုသည်။

မြန်မာ့တပ်မတော် စစ်ကြောင်းများသည် တိုက်ပွဲ ဖြစ်ပွားရာ ဒေသများတွင် ရက္ခိုင့်တပ်မတော်မှ သိုဝှက်ထားသော လက်နက် ခဲယမ်းမီးကျောက်များနှင့် အသုံးအဆောင် ပစ္စည်းအများအပြားကို ဖော်ထုတ်ဖမ်းဆီးနေကြောင်း၊ ထိုသို့ ဖော်ထုတ်ရာ ဖမ်းဆီးရာတွင် မသင်္ကာသူများ၊ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု ရှိသည်ဟု သံသယ ရှိသူများကို ဖမ်းဆီး စစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။

မြန်မာတပ်မတော်ဘက်မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသဖြင့် ယင်းညှဉ်းပမ်းနှိပ်စက်မှုများ ရှိနေသည်ဆိုသော ရွာသားများ ပြောကြားချက်နှင့် ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်မှုကို မေးမြန်း တင်ပြနိုင်ခြင်းမရှိပါ။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...