စစ်တွေအဖွဲ့ စစ်ဘေးရှောင် ဒုက္ခသည်များအား ဆေးနှင့် စားနပ်ရိက္ခာများ ကူညီပေး

စစ်တွေအဖွဲ့ စစ်ဘေးရှောင် ဒုက္ခသည်များအား ဆေးနှင့် စားနပ်ရိက္ခာများ ကူညီပေး
by -
နိရဥ္စရာ
ရိက္ခာများအား စပါးဆိပ်ကျေးရွာတွင် ကူညီပေးနေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)
ရိက္ခာများအား စပါးဆိပ်ကျေးရွာတွင် ကူညီပေးနေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)
စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ (ယာယီ) မှ စစ်ဘေးဒုက္ခသည်များ နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာသို့ ဆေးနှင့် စားနပ်ရိက္ခာများကို ဧပြီလ ၂၆ ရက်နေ့က သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကူညီရာတွင် အရေးပေါ်အသုံးပြုရန် ဆေးဝါးအချို့နှင့် ဆန်အိတ် ၅၀၊ ငါးခြောက် ၂၁၀ ပိဿာ၊ ငါးပိ၊ ဆားနှင့် ငရုပ်သီးခြောက်တို့ ပါ၀င်ကြောင်း သိရသည်။

စပါးဆိိပ်ကျေးရွာသို့ ရွှေ့ပြောင်းလာသော စစ်ပြေးဒုက္ခသည်များမှာ အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်း ကျေးရွာများမှဖြစ်ပြီး ဒုက္ခသည် ၄၀၇ ယောက်ရှိကြောင်း သွားရောက် ကူညီပေးသူ တစ်ဦးက ပြောသည်။

အောင်လံချောင်းကျေးရွာတွင် ဧပြီလ ၁၇ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ကျေးရွာအချို့ မီးရှို့ခံခဲ့ရသည်ဟု facebook စာမျက်နှာများတွင် ရေးသားဖေါ်ပြခဲ့ကြသော်လည်း နေအိမ်တစ်လုံး သာ လက်နက်ကြီးထိမှန်၍ ပျက်စီးသွားကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောကြောင်း အကူအညီ သွားပေးသူများက ဆိုသည်။

Reliefs 3
ရိက္ခာများအား စပါးဆိပ်ကျေးရွာတွင် ကူညီပေးနေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)

ယခုအခါ အဆိုပါနေရာများတွင် လုံခြံုမှုရှိပြီဟု ယူဆသဖြင့် ကုလားချောင်းနှင့် ပင်လုံမှ ကျေးရွာသားများကို ၄င်းတို့ကျေးရွာသို့ ဧပြီလ ၂၈ ရက်နေ့ သို့မဟုတ် ၂၉ နေ့တွင် ပြန်ပို့မည်ဟု တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွင် ကြီးကြပ်နေသူ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းသူက ပြောကြားထားကြောင်း သိရသည်။ သို့ရာတွင် အောင်လံချောင်းကျေးရွာသားများကိုမူ သူတို့ဆန္ဒအရသာ ပြန်ပို့မည်ဟု သိရသည်။

ဧပြီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်းကျေးရွာ ကျေးရွာသားများအပြင် ပျံကျလုပ်ကိုင်စားသောက်နေထိုင်ကြသော ပိန္နဲချောင်းမှ ကျေးရွာသားများကိုလည်း လုံခြံုရေးအတွက် မြန်မာ့တပ်မတော်မှ စပါးဆိပ်ကျေးရွာသို့ ရွှေ့ပြောင်းထားပြီဖြစ်ကြောင်း သိရသည်။

အခြေအနေ တည်ငြိမ်နေပြီဖြစ်သဖြင့် မိမိတို့ကျေးရွာကို ကြည့်ရှုရန် အောင်လံချောင်းကျေးရွာမှ ရွာသားအချို့နှင့် ပိန္နဲချောင်းမှ ရွာသားအချို့ ပြန်သွားကြမည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ရာ အောင်လံချောင်းကျေးရွာအနီးတဝိုက်တွင် အခြေအနေမှာ ပုံမှန်အခြေအနေနီးပါး ရောက်ရှိနေပြီဖြစ်သော် လည်း ကျောက်တော်မြို့နှင့် ပီချောင်းတလျှောက်ရှိ ကျေးရွာများသို့ သွားလာခွင့်ကို မြန်မာ့တပ်မတော်မှ ပိတ်ပင်ထားသဖြင့် ကျေးရွာ တချို့တွင် ရိက္ခာများပြတ်လပ်နေပြီး ရွာသားများဒုက္ခရောက်နေကြောင်း သွားရောက်ကူညီသူများထံမှ တဆင့်သိရသည်။

ယင်းအပြင် တချို့ကျေးရွာများတွင် လူငယ်များကို မြန်မာ့တပ်မတော်မှ ၀င်ရောက်ဖမ်းဆီးပြီး ရခိုင်တပ်မတော်နှင့် ပတ်သက်မှုရှိ/မရှိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ကျေးရွာသားများအနေဖြင့် ကြောက်ရွံ့စိုးရိမ်နေကြရသည်ဟု သိရသည်။

ဧပြီလ ၁၇ ရက်နေ့ မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စပါးဆိပ်ကျေးရွာသို့ ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များထံသို့ ပြင်ပမှ အကူအညီပေးမှုကို တပ်မတော်က အစပိုင်းတွင် ပိတ်ပင်ထားခဲ့သော်လည်း ဧပြီလ ၂၅ ရက်နေ့က ကျောက်တော်မှ အဖွဲ့တစ်ဖွဲ့ကို ခွင့်ပြုခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...