လယ်ဝေးမြို့ရှိ လူရုပ်တု(၃)ရုပ် နေရာတွင် ဗိုလ်ချုပ်ကြေးရုပ် အစားထိုးရန် စီစဉ်နေ

လယ်ဝေးမြို့ရှိ လူရုပ်တု(၃)ရုပ် နေရာတွင် ဗိုလ်ချုပ်ကြေးရုပ် အစားထိုးရန် စီစဉ်နေ
by -
မဇ္ဈိမ
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့မဈေးအနီးရှိ လူရုပ်တု (၃)ရုပ်နေရာတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြင့် အစားထိုးထားရှိရန် စီစဉ်နေသည်ဟု လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးဇော်ဦးက ဇူလိုင် ၁၄ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းကာ ဆွေးနွေးတိုင်ပင်နေပြီး အဆိုပါ ကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ကိုလည်း ပါဝင်ဖွဲ့စည်းရန် နေပြည်တော်ကောင်စီမှ ညွှန်ကြားထားကြောင်းသိရသည်။

"အကောင်အထည်ပေါ်လာဖို့ကတော့ လာမယ့်အာဇာနည်နေ့ပြီးရင် အဖြူ၊ အမဲကွဲကွဲပြားပြား သိလာမှာပါ။ အဆင်ပြေဖို့ကတော့ ၉၀ရာခိုင်နှုန်း ရှိပါတယ်" ဟု ဦးမျိုးဇော်ဦးက ပြောသည်။

လက်ရှိ တည်ရှိနေသော လူရုပ်တု (၃)ရုပ်အား ၁၉၉၆ခုနှစ်တွင် ထိုစဉ် ဗိုလ်ချုပ်တစ်ဦးက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း လယ်ဝေးမြို့ခံများက ပြောပြချက်အရ သိရသည်။

အဆိုပါ လူရုပ်တု (၃)ရုပ်၏ အဓိပ္ပာယ်မှာ လယ်သမားတစ်ဦးနှင့် ကြံစိုက်တောင်သူတစ်ဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်(ထိုစဉ်က ပါတီအဖြစ် မဖွဲ့စည်းရသေးပါ)တစ်ဦးက လက်တွဲထားသည့် သင်္ကေတဖြစ်သည်ဟု လယ်ဝေးမြို့ခံများက ပြောသည်။

အဆိုပါ ရုပ်တု(၃)ရုပ် နေရာတွင် ဗိုလ်ချုပ်အောင်းဆန်းကြေးရုပ် အစားထိုးရန်မှာ ဒေသခံများ၏ ဆန္ဒသဘောထားဖြစ်သည်ဟု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဝေလင်းက မဇ္ဈိမကို ပြောသည်။

"မြို့ခံလူထုကလုပ်ချင်လို့ အကောင်အထည်ဖော်ရတာလေ။ မြို့လူထုက လုပ်ချင်လို့ ကော်မတီကို မြို့မိ၊ မြို့ဖနဲ့ လူကြီး အယောက် ၆၀ကျော်ကိုဖိတ်ပြီးတော့ ကော်မတီကို ရွေးချယ်တာလေ။ အယောက် ၆၀လုံးကလည်း ကန့်ကွက်မယ့်သူမရှိဘူး။ အကုန်သဘောတူတယ်" ဟု ဦးမျိုးဝေလင်းက ဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၈မြို့နယ်တွင် ပျဉ်းမနားတစ်မြို့၌သာ တစ်ခုတည်းသော ဗိုလ်ချုပ်ကြေးရုပ်ရှိပြီး အဆိုပါ ကြေးရုပ်ကိုလည်း အကြီးစားပြင်ဆင်မွမ်းမံမှုများ လုပ်ဆောင်လျက်ရှိနေသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...