ချင်းပြည်တောင်ပိုင်းညီလာခံ ကျင်းပခွင့်ပိတ်ပင်ခံရ

ချင်းပြည်တောင်ပိုင်းညီလာခံ ကျင်းပခွင့်ပိတ်ပင်ခံရ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော ချင်းပြည်တောင်ပိုင်းညီလာခံ အစည်းအဝေးကို နိုင်ငံတော်အစိုးရက ကျင်းပခွင့်ပိတ်ပင်လိုက်ကြောင်းသိရသည်။

မင်းတပ်မြို့ ဦးဝမ္မသူးဟာရှိန်းမိုးလုံလေလုံအားကစားရုံတွင် ၂ ရက်တာ ကျင်းပရန် စီစဉ်ထားသော ချင်းပြည်တောင်ပိုင်း ညီလာခံကို ဆိုင်းငံ့ထားရန် ညီလာခံ မကျင်းပခင် တစ်ရက်အလိုတွင် နိုင်ငံတော် သမ္မတရုံးက ညွန်းကြားလာသည်ဟု ညီလာခံကျင်း ပရေးကော် မတီအတွင်းရေးမှူး ဦးအောင်လောဟာ ကပြောသည်။

“ ဒီကိစ္စကို အခြေအနေအချိန်အခါအရ ခေတ္တဆိုင်းငံ့ထားဖို့ဆိုပြီး ခရိုင်အုပ်ချူပ်ရေးမှူးကနေတဆင့် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးလက်မှတ်နဲ့ညွန်ကြားစာကျနော်တို့ဆီပို့လာပါတယ်’’ ဟု ဦးအောင်လောဟာကပြောသည်။

ယင်းအခြေအနေကြောင့် ချင်းပြည်တောင်ပိုင်းညီလာခံကို နဂိုစီစဉ်ထားသည့်အတိုင်း မကျင်းပနိုင််တော့ကြောင်း၊ ညီလာခံ သဘောမျိူးမဟုတ်ဘဲ တွေ့ဆုံပွဲပမာကျင်းပရန်လည်း ပြောင်းလဲစီစဉ်ခဲ့ကြသော်လည်း ဒေသတွင်းအာဏာပိုင်များ၏ အနီးကပ် စောင့်ကြည့်မှုများကြောင့် မည့်သည့်ပွဲမျှလုပ်ဆောင်၍မရကြောင်း သူကဆက်ပြောသည်။

တောင်ပိုင်းညီလာခံတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိူးသားညီလာခံကို ကျင်းပခဲ့ကြပြီး ဘုံသဘောတူညီချက် (၁၅၁) ချက်အပေါ် ပြန်လည်လေ့လာဆန်းစစ်ခြင်း နှင့် ၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိစ္စကို နှင့် ချင်း ပြည်နယ်တောင်ပိုင်းတွင်တည်ရှိသော မြို့နယ် ၄ မြို့နယ်အကြား အမျိူးသားရေးလုပ်ငန်းပိုင်းဆိုင်ရာတွင် ရေရှည်အလုပ် တွဲလုပ်နိုင်ရေး ဆုံရပ်အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာရေးတို့ကို အဓိကဆွေးနွေးရန် စီစဉ်ထားခဲ့ကြသည်။

ညီလာခံသို့ တက်ရောက်ရန်အတွက် ချင်းပြည်တောင်ပိုင်းဒေသခံမှ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ် တို့မှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားခံရသော ပုဂ္ဂိုလ်များလည်း ရောက်ရှိလာကြပြီး ညီလာခံကျင်းပရန် အားလုံးအဆင်သင့်ဖြစ်ပြီးသည့်အချိန်တွင် ယခုကဲ့သို့ အနီးကပ် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်။

“ ကျနော်တို့အတော်လေးစိတ်မကောင်းဖြစ်မိပါတယ်၊ ဒီလိုမျိူးအခြေအနေကြံုရတာ ကျနော်တို့ရင်ထဲမှာ အတိုက်ခိုက်ခံရ တယ်လို့ခံစားရတယ်၊ ကျနော်တို့အများကြီးမျှော်လင့်ခဲ့တဲ့အစိုးရအနေအထားနဲ့ အခုလက်ရှိကျနော်တို့ကြံုရတဲ့အနေအထား နဲ့ အတော်လေးကွာဟတယ်လို့မြင်တယ်’’ ဟု ဦးအောင်လောဟာကပြောသည်။

ယခုကဲ့သို့ တောင်ပိုင်းညီလာခံကျင်းပခွင့်ပိတ်ပင်ခံရသည့်အကြောင်းရင်းအား မသိရသေးသော်လည်း ညီလာခံကျင်းပ ခွင့် တောင်းခံသည့်အချိန်က မင်းတပ်ခရိုင်မျိူးနွယ်စုများတွေ့ဆုံပွဲအမည်ဖြင့် တောင်းဆိုခဲ့ပြီး၊ နောက်ပိုင်းတွင် ချင်းပြည်တောင် ပိုင်းညီလာခံအမည်ဖြင့်သာ ညီလာခံကျင်းပရန် စီစဉ်နေသည့်အတွက်ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်နိုင်သည်ဟု လေ့လာ သိရှိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...