ကားအတိုက်ခံရပြီး သေဆုံးသွားသူမှာ စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်နေ အငြိမ်စား ကျောင်းဆရာ ဦးလှရွှေဖြစ်ပြီး၊ ကားနှင့်တိုက်ပြီး ထွက်ပြေးသွားသူမှာ စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်နေ အင်ဂျင်နီယာလုပ်ငန်းနှင့် ကန်ထရိုက်လုပ်ငန်းများကို လုပ်ကိုင်နေသူ ဦးစစ်ကျော်မြင့် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းနောင်က အတည်ပြု ပြောကြားသည်။
၎င်းကားတိုက်မှုမှာ မင်းဗာကြီးလမ်းနဲ့ မေယုလမ်းဆုံ ပြည်နယ်အစိုးရရုံး ခြံဝင်းအနီးတွင် ဇူလိူင်လ ၃ ရက် ညဥ့် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ကားနှင့်ဝင်တိုက်သူ မှာ ထွက်ပြေးသွားသည်ဟု စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ပြောသည်။
“ခရိုင်ရော၊ မြို့နယ်ရော ရဲစခန်းအကုန်လုံး ဒီကားကို တစ်ညလုံး ပတ်ပြီးတော့ လိုက်ရှာတာ မနက် ၃ နာရီလောက်မှာ ရွှေပြားရပ်ကွက် အလယ်လမ်းမှာ အဲ့ဒီကားကို လမ်းဘေးမှာ ရပ်ထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ကားအမျိုးစားက Crown အမျိုးအစားပေါ့။ စုံစမ်းကြည့်တော့ တိုက်ပြီး ထွက်ပြေးသွားတဲ့ သူက မြောက်ဦးမြို့ဇာတိ ရွာကြီးတောင် ရပ်ကွက်မှာ အိမ်ငှားနေတဲ့ ဦးစစ်ကျော်မြင့် ဖြစ်ကြောင်း သိရပါတယ်။ သူက အင်ဂျင်နီယာ လုပ်ငန်းနဲ့ ကန်ထရိုက်လုပ်ငန်းတွေကို လိုက်လုပ် နေသူဖြစ်ပါတယ်။ အဲ့ဒီဖြစ်ပွားတဲ့ ညမှာပဲ ဇနီး၊ ကလေးနဲ့ အတူ ထွက်ပြေးသွားပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးကပြောသည်။
ထွက်ပြေးလွတ်မြောက်နေသူကို ယနေ့ နံနက်အချိန်ထိ ဖမ်းမမိသေးကြောင်း၊ တွေ့ရှိပါက ရဲစခန်းသို့ အကြောင်း ကြားစေလိုသည်ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းနောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၂ ရက်နေ့ညကလည်း လုံခြံုရေးအတွက် ကင်းလှည့်နေသည့် ရဲတပ်သားတစ်ဦးကို ဆိုင်ကယ်စီးလာသူတစ်ဦးက ၀င်တိုက်သွားပြီး ရဲတပ်သား သေဆုံးသည့် အမှုတစ်ခုလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဒုရဲမှူးကြီး ၀င်နိုင်နောင်က “၀င်တိုက်သွားတဲ့ နေရာက စစ်တွေဟိုတယ် ရှေ့နားလေးက အထွက်မှာ ဘုန်းကြီးကျောင်းရဲ့ အရှေ့မှာပါဗျ။ ရဲတပ်ဖွဲ့ဝင် ၅ ယောက်လောက်နဲ့ ခြေလျင်လှည့်ကင်း လှည့်နေတာကို ည ပိုင်း နောက်ကနေပြီးတော့ ဆိုင်ကယ်နဲ့ မဆင်မခြင် အရှိန်နဲ့ ၀င်တိုက်သွားတာပါ။ အတိုက်ခံရတဲ့ ရဲတပ်သားက ဆေးရုံရောက်ပြီး သေဆုံးသွားပါတယ်”ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ဆက်ပြောသည်။
သေဆုံးသွားသူမှာ ရဲတပ်သား ဇော်မင်းထက်ဖြစ်ပြီး၊ ၀င်တိုက်သူမှာ ဦးလှမောင်ထွန်းဖြစ်ကာ လူသေမှု ၃၀၄ (က) ၊ ၂၇၉ ဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည်။
ယင်းကဲ့သို့ အခင်းဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးက အောက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားသည်။
“လက်ရှိဒါတွေ ဖြစ်နေတာတွေက ယာဉ်စည်းကမ်းချိုးဖေါက်ပြီးတော့ အရက်ကို အလွန်အကျွံ သောက်စားကြတာတွေလည်း အဓိက ပါပဲဗျ။ အရက်မမူးရင် ဒီလိုမဖြစ်ပါဘူး။ အဲ့ဒါကြောင့် မို့လို့ စစ်တွေမှာ ဆိုလို့ရှိရင် ရက် ၁၀၀ စီမံကိန်း စကတည်းက စစ်တွေရဲ့ လူမှုပတ်ဝန်းကျင်မှာ လူငယ်တွေကြားမှာ တော်တော်များများ အရက်ကိုသောက်လာကြတဲ့အတွက် တားဆီးနှိမ်နင်းမှုတွေ လုပ်ပေးနေပါတယ်”ဟု ဆိုသည်။
ယင်းသို့ ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် အရက်ကို အလွန်အကျွံ မသောက်မိဖို့ ဆင်ခြင်စေလိုကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
စစ်တွေမြို့ပေါ်တွင် ညအချိန် အရက်မူးပြီး ဆိုင်ကယ်မဆင်မခြင် မောင်းမှုများကြောင့် ဆိုင်ကယ်မှောက်ပြီး သေဆုံးမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည်ဟု စစ်တွေမြို့ခံများ ပြောကြားချက်အရသိရသည်။







