“ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ ရခိုင်ရိုးရာသင်္ကြန်ကို အမေရိကန်နိုင်ငံမှာ ရခိုင်လူမျိုးအများစု နေထိုင်တဲ့ အိုင်အိုဝါ ပြည်နယ်မှာ စတင်ကျင်းပနေပါပြီ၊ ကျနော်တို့ ရခိုင်ရိုးရာသင်္ကြန် ပွဲတော်ကို ဒီနေ့ ဇူလိုင်လ ၃ ရက်နဲ့ မနက်ဖြန် ဇူလိုင်လ ၄ ရက် နေ့ မှာ နှစ်ရက်ဆက်တိုက် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီသင်္ကြန်ပွဲမှာ ရခိုင်ရိုးရာ ရေကစားပွဲရယ်၊ စင်ပေါ်မှာ ဂီတ အဆိုအက ဖျော်ဖြေပွဲတွေရယ်နဲ့ အားကစားပြိုင်ပွဲတွေကို ပြုလုပ်ပေးသွားပါမယ်”ဟု ဦးသာပွင့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းသို့ ကျင်းပရာတွင် ပထမနေ့တွင် ရခိုင်ရိုးရာကျင်ပွဲ၊ ချစ်ကြည်ရေး ဘောလုံးပွဲ၊ အမျိုးသမီးများအတွက် ကွမ်းသီးကောက်နှင့် အပ်ချည်ထိုးပြိုင်ပွဲ၊ ကလေးများအတွက် မုန့်ကိုက်ပြိုင်ပွဲ များကို ထည့်သွင်းပြုလုပ်လျက်ရှိသည်။
ဒုတိယနေ့တွင် စင်တင် ရခိုင်ရိုးရာသီချင်းဖျော်ဖြေပွဲ၊ ရိုးရာအက၊ ရခိုင်စည်တော်တီးခတ်ခြင်းနှင့် ရခိုင်ရိုးရာရေလောင်းခြင်းများကို ထည့်သွားကျင်းပသွားမည့်အပြင်၊ ကရင်၊ ရှမ်း၊ ကယားနှင့် ကချင်ရိုးရာအကများလည်း ပါ၀င်မည်ဟု သိရသည်။
ယနေ့ပြုလုပ်သော ရခိုင်ရိုးရာသင်္ကြန်ပွဲတော်သို့ အမေရိကန်ပြည်နယ်စုရှိ ပြည်နယ် ၈ခု၊ ၉ ခုတို့မှ ရခိုင်အမျိုးသားများ လာရောက်ဆင်နွှဲ လျက်ရှိနေပြီး၊ မြန်မာနိုင်ငံမှ အခြားတိုင်းရင်းသား လူမျိုးများနှင့် အခြားနိုင်ငံများမှ စိတ်ပါ၀င်စားသူများအပါအဝင် စုစုပေါင်း ၆၀၀ ကျော်ခန့် ဆင်နွှဲလျက်ရှိသည်ဟု ဆိုသည်
ပွဲတော်သို့လာကြရသူများကို ရခိုင်ရိုးရာအစားအသောက်များ အခမဲ့ကျွေးမွေးပြီး၊ အမှတ်တရပစ္စည်းများကို လက်ဆောင်အဖြစ်ပေးအပ်ကာ စေတနာအလျောက် ထည့်ဝင်သော ငွေကြေးများကို ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ရေဘေးဒုက္ခသည်များအတွက် ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။
“ရခိုင်လူမျိုးတွေအနေနဲ့ ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် ရခိုင်လူမျိုးတွေဟာ အခြားတိုင်းရင်းသားတွေနဲ့ နိုင်းယှဉ်ရင် စုစည်းမှုအရှိ်ဆုံးပဲ၊ ကိုယ့်ရိုးရာပွဲတော်တွေကို ဘယ်နေရာကိုပဲရောက်ရောက် ကျင်းပပြီးတော့ ရိုးရာကိုဖေါ်ထုတ်နေကြတဲ့ လူမျိုးဖြစ်ပါတယ်။ နောက်ပြီးတော့ နောင်လာမယ့် အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျနော်တို့အနေနဲ့ ကျနော်တို့ရိုးရာ ယဉ်ကျေးမှုတွေဟာ ဘယ်လိုရှိတယ်ဆိုတာကို သိရှိအောင် ဘယ်နိုင်ငံမှာပဲ ရောက်ရှိနေပါစေ အမြဲတမ်း သွန်သင်ပေးနေတယ်ဆိုတာကို သိစေချင်ပါတယ်။ တကမ္ဘာလုံးမှာ ရောက်ရှိနေကြတဲ့ ရခိုင်လူမျိုးတွေ အနေနဲ့လည်း ကိုယ်ရောက်နေတဲ့ နေရာမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက် ကြိုးစားပြီး လုပ်ပေးစေချင်ပါတယ်”ဟု အိုင်အိုဝါ ရခိုင်အသင်းက ဥက္ကဋ္ဌက ပြောသည်။

အိုင်အိုဝါ ရခိုင်အသင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးဖလှမောင်ကလည်း “သင်္ကြန်ပွဲတော် ပြုလုပ်တဲ့နေရာမှာ မိရိုးဖလာ လုပ်လာတယ်ဆိုတဲ့ ခံစားချက်တစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ အမေရိကန်ပြည်နယ် အသီးသီးမှာ ရောက်နေကြတဲ့ ရခိုင်မိသားစုတွေရဲ့ ဆုံတွေခွင့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီသင်္ကြန်မှာပဲ ရခိုင်က ရေဘေးနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စေတနာ ကြေးထည့်ဝင်မှုတွေကိုလည်း လုပ်ဖြစ်ပါတယ်။ ဒီသင်္ကြန်မှာပဲ ရခိုင်ရိုးရာ ၀တ်စုံကို ၀တ်ဆင်ပြီးတော့ ရခိုင်ရိုးရာအကတွေနဲ့ ရခိုင်ယဉ်ကျေးမှုတွေကို ဖေါ်ထုတ်ပြသ ပေးပါတယ်”ဟုဆိုသည်။
ရခိုင်မျိုးနွယ်စု ခမီးလူမျိုး ကိုရွှေကျော်သန်းကလည်း သင်္ကြန်ပွဲတော်ကို ရခိုင်မျိုးနွယ်စုများ စုပေါင်း၍ ကျင်းပကြသည့်အတွက် အလွန်ပျော်ရွှင်ပြီး ရခိုင်ပြည်နယ်ထဲတွင် နေထိုင်နေကြသော ခမီးလူမျိုးများ အနေဖြင့်လည်း အခြားရခိုင်မျိုးနွယ်စုများနှင့် တစ်စည်းတစ်လုံးတည်း ရှိနေစေချင်သည်ဟု ပြောသည်။
“ကျနော် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာ သုံးနှစ်ရှိပါပြီ။ ကျန်တဲ့ နှစ်တွေက အလုပ်မအားလပ်တဲ့အတွက် မလာရောက်နိုင်ခဲ့ဘူး။ ဒီနှစ်မှ လာဖြစ်တာပါ။ ဒီလိုမျိုး အမေရိကန်ရောက်နေတဲ့ ရခိုင်မျိုးနွယ်စုတွေ စုပေါင်းကျင်းပတဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲရတဲ့အတွက် အင်မတန်မှ ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဒီသင်္ကြန်ပွဲကို အလုပ်မအားတဲ့ကြားထဲ ဟိုးအဝေးကြီး နေရာတွေကတောင် ကြိုးကြိုးစားစား လာခဲ့ရတာပါ။ ဒီအမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ ရခိုင်မျိုးနွယ်စုတွေ စည်းလုံးညီညွတ်မှု ရှိနေကြသလိုမျိုးပဲ ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ခမီးလူမျိုးတွေအနေနဲ့လည်း အခြားရခိုင်မျိုးနွယ်စုတွေနဲ့ တစ်စည်းတစ်လုံးတည်း ရှိနေစေချင်ပါတတယ်”ဟု ဆိုသည်။
ရခိုင်ရိုးရာသင်္ကြန်ကို မြန်မာနိုင်ငံတွင် ဧပြီလတွင် ကျင်းပလေ့ရှိသော်လည်း၊ ရာသီဥတု အခြေအနေကြောင့် အမေရိကန်တွင် နွေရာသီဖြစ်သည့် ဇူလိုင်လတွင် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့သည် အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ဖြစ်၍ ရုံးပိတ်ရက်လည်း ဖြစ်သောကြောင့် ၄င်းနေ့ကို ရွေးချယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်တွင် ရခိုင်လူမျိုး ၅၀၀ ခန့်နေထိုင်လျက်ရှိပြီး၊ အမေရိကန်ရှိပြည်နယ်များထဲတွင် ရခိုင်လူမျိုး အများဆုံး နေထိုင်သည့်ပြည်နေတစ်ခုဖြစ်ကြောင်းနှင့် အမေရိကန် တစ်နိုင်ငံလုံးတွင် ရခိုင်လူမျိုး ထောင်ချီ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ရခိုင်ရိုးရာ သင်္ကြန်ကို အမေရိကန် နယူးယောက်မြို့တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး လွန်ခဲ့သောနှစ် ၂၀၁၅ ခုနှစ်က ရခိုင်ရိုးရာသင်္ကြန်မှာ ၂၁ ကြိမ်ရှိခဲ့ပြီဟု သိရသည်။







