၁၉၄၇ ခု ရှမ်းပြည်နယ် ပင်လုံညီလာခံတွင် ရခိုင်အမျိုးသားတို့ ပါ၀င်ခွင့်မရရှိခဲ့၍ ယခု ညီလာခံသည် ရခိုင်တို့အတွက် အရေးကြီးသည့် ညီလာခံဖြစ်မည်ဟု ဆိုသည်။
“၁၉၄၇ ပင်လုံညီလာခံမှာတော့ ရခိုင်လူမျိုးတွေဟာ ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရရှိခဲ့ကြဘူး။ လွတ်လပ်ရေးခေတ်ဦးက လွတ်လပ်ရေးကို ယူပြီးတဲ့နောက်မှာ ဘယ်ပုံဘယ်နည်း ပြည်ထောင်စုကို ဖွဲ့စည်းသွားမယ်ဆိုတဲ့ တကယ့်နိုင်ငံရေး အနှစ်သာရရှိတဲ့ နိုင်ငံရေးထဲမှာ ပါ၀င်ရမယ့် ဖိတ်ခေါ်ရမယ့်ကာလမှာ ရခိုင်လူမျိုးတွေဟာ ဖိတ်ခေါ်ခြင်း မခံခဲ့ရတဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခုကျင်းပလာမယ့် ၂၁ ပင်လုံညီလာခံဟာ ရခိုင်လူမျိုးတွေ အတွက် သမိုင်းမှာ အရေးပါတဲ့ ညီလာခံတစ်ခုဖြစ်ပါတယ်”ဟု သူကပြောသည်။
သို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (သို့မဟုတ်) ၂၁ ပင်လုံညီလာခံတွင် ရခိုင်ပြည်နယ်နှင့် ရခိုင်အမျိုးသား အကျိုးစီးပွားကို စနစ်တကျ တင်ပြဆွေးနွေးနိုင်ရန် အဖွဲ့ဝင် ရ ဦးပါ၀င်သည့် ကော်မတီတစ်ရပ်ကို ဇူလိုင်လ ၁ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
“ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ နောက်တစ်ခုက ၂၁ ရာစုပင်လုံညီလာခံလို့ တင်စား ခေါ်ဝေါ်ကြတယ်။ ၁၉၄၇ ခု ဒါမှမဟုတ် ၂၀ ရာစုပင်လုံညီလာခံမှာ ပါခဲ့တဲ့ အငွေ့အသက်လေးတွေ ကိုတော့ NLD ဘက်က ယူချင်တဲ့ သဘောတော့ တွေ့ရပါတယ်။ ကျနော်တို့ ANP က ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီတစ်ခု ဖြစ်တဲ့အတွက် အဲ့ဒီညီလာခံကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ဖိတ်ကြားခံရမယ်လို့တော့ ယုံကြည်ထားပါတယ်။ အဲ့ဒီ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပုဂ္ဂိုလ် ရ ဦးပါ၀င်တဲ့ ကော်မတီတရပ်ကို ဖွဲ့လိုက်တာပါ။ ဆရာဦးလှစောက ခေါင်းဆောင်ပါ။ ဦးအောင်ကျော်စံ၊ ဦးဖေသန်းနဲ့ ဦးကျော်ဇောဦးတို့လည်း ပါကြပါတယ်” ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌက ပြောသည်။
၂၁ ညီလာခံအောင်မြင်ရေးသည် ပြည်မတစ်ခုလုံး၊ နိုင်ငံတစ်ခုလုံးကို ထိန်းချုပ်ခွင့်ရသည့် နိုင်ငံရေးပါတီ၊ အစိုးရနှင့် အစိုးရနှင့်ဆက်နွယ်သော တပ်မတော်တို့၌ မူတည်ပြီး သဘောထား ကြီးမှုသည် အာဏာကို ရရှိထားသည့် ပုဂ္ဂိုလ်နှင့် ပါတီကြီးဘက်က လာသင့်သည်ဟု ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆက်လက် ပြောဆိုသည်။
“၁၉၄၇ ဥပဒေအရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ၁၀ နှစ်ကြာတဲ့အခါမှာ ခွဲထွက် ခွင့် ဆိုတဲ့ ဟာကို ဗမာတစ်မျိုးသားလုံးကို ဦးဆောင်ခွင့်ရတဲ့ ခေါင်းဆောင်တွေ ဘယ်လောက်ထိ သဘောထားကြီးခဲ့ကြလဲ၊ ခွဲထွက်ခွင့် မတောင်းနိုင်အောင် သဘောထားကြီးကြီးနဲ့ ဒီ ၁၀ နှစ်တာ ကာလမှာ တိုင်းရင်းသားတွေကို သိမ်းသွင်းခဲ့ရမယ့်တာဝန် မကျေခဲ့လို့ အခုဖြစ်လာတဲ့ ပြည်တွင်း စစ်ပြဿနာ။ ခုချိန်အခါမှာ နှစ်ပေါင်း ရ၀ ကာလမှာ ပြန်ပြီးတော့ အမျိုးသားရင်ကြားစပ်ရေး ညီလာခံတစ်ခုကို လုပ်နိုင်တဲ့ အခွင့်အခါကို မိမိရရ ဆုပ်ကိုင်ရမယ့်တာဝန်ဟာ ပြည်မတစ်ခုလုံး၊ နိုင်ငံ တစ်ခုလုံးကို ထိန်းချုပ်ခွင့်ရတဲ့ နိုင်ငံရေးပါတီ၊ အစိုးရ၊ အဲ့ဒီအစိုးရနဲ့ ဆက်နွယ်နေတဲ့ တပ်မတော်မှာ လုံးဝ တာဝန်ရှိပါတယ်”ဟု ANP ဥက္ကဋ္ဌက ပြောသည်။
ယခု ANP က ဖွဲ့စည်းလိုက်သည့် ကော်မတီသည် ၂၁ ရာစုပင်လုံညီလာခံတွင် ANP က တင်ပြမည့် လုံခြံုရေးနှင့် နိုင်ငံရေးကို အခြေခံသည့် မူဘောင်တစ်ခုကို ရေးဆွဲသွားရန်ရှိပြီး၊ ကျောက်ဖြူတွင် ကျင်းပခဲ့သည့် ရခိုင် အမျိုးသားညီလာခံက ချမှတ်ခဲ့သည့် မူဘောင်များကို အခြေခံရေးဆွဲသွားမည်ဖြစ်ပြီး ပြည့်စုံ ကောင်းမွန်သော မူဘောင်တစ်ခုရရှိရန် ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အကြံဉာဏ်ကို ရယူသွားမည်ဟု သိရသည်။







