ယင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ခုကိုသာ ဖိတ်ကြားသွားမည် ဖြစ်ပြီး ယင်းအထဲတွင် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများထဲမှ ရက္ခိုင့်တပ်မတော်(AA) တစ်ခုကိုသာ ဖိတ်ကြားသွားမည်ဟု သိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းထဲမှ ALP နှင့် ANC အဖွဲ့အစည်း နှစ်ခုကို ချန်လှပ်ထားခြင်းနှင့် ပတ်သက်ပြီး UWSA ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်အား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။
“စစချင်းကတည်းက အားလုံးခေါ်မယ်ဆိုတာက မဆုံးဖြတ်ခဲ့လို့လေ။ ကျွန်တော်တို့ ဒီကိစ္စက ၂ လပိုင်းအကုန်က ဆုံးဖြတ်ထားတာ ဖြစ်နေတော့လဲ။ လူကြီးတွေက ဒီအတိုင်းပဲ လုပ်မယ်လို့ ပြောတာကို” ဟု ဦးအောင်မြင့်က ပြောဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် တစ်ခြား လက်နက်ကိုင်ပါတီ များဖြစ်သော ချင်းအမျိုးသား တပ်ဦး (CNF) တို့လို အဖွဲ့အစည်းများ မပါ၀င်လျှင် ပြီးပြည့်စုံသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံ ဖြစ်နိုင်ပ့ါမလားဟု မေးမြန်းရာ ဦးအောင်မြင့်က “ ဒါမျိုးတော့ ပြောလို့ မရဘူးလေ” ဟု ပြောဆိုသည်။
ALP အား မဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး ပါတီ၏ သဘောထားကို ကျောက်တော်မြို့ တွင် ဖွင့်လှစ်ထားသည့် ALP ရုံးသို့ ဆက်သွယ်မေးမြန်းရာ ရုံးတာဝန်ခံ ခိုင်ရဲလင်းက “ဘာကြောင့် မဖိတ်တာလဲ ဆိုတာတော့ မပြောတတ်ဘူးဗျာ။ သူတို့မှာ လိုင်ဇာဆုံးဖြတ်ချက်၊ လော်ခီလာ ဆုံးဖြတ်ချက်အရ မဖိတ်တာလို့ သိရပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေက ဘာလဲဆိုတာလဲ ကျွန်တော်တို့ မသိဘူး” ဟု ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းက ယခု ပြုလုပ်မည့် ညီလာခံနှင့် ပတ်သက်ပြီးလည်း အမြင်ကို ယခုလို ပြောဆိုသည်။
“အခုလို ကျွန်တော်တို့ကို မဖိတ်တော့လဲ ဘာမှမဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီ ညီလာခံက တကယ် အကောင်အထည်ဖော်နိုင်မယ့် ညီလာခံလို့ မမြင်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး မပါရင် NCA နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ဆွေးနွေးနိုင်လိမ့်မယ်လို့ မမြင်ပါဘူး” ဟု ဆိုသည်။
ယခု ပန်ဆန်း ညီလာခံသို့တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO/ KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ပအိုင့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘၀’ ပြည် သွေးစည်းညီညွှတ်ရေးတပ် (UWSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်မတော် (Arakan Army, AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ ဖြစ်ကြသည်။
ဖိတ်ကြားခြင်း မခံရသော အဖွဲ့အစည်းများမှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP/ALA)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA-PC ကရင်ငြိမ်းချမ်းရေး ကောင်စီ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ၀အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်ကြသည်။







