ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရမှု စိစစ်နေဆဲဟုဆို

ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရမှု စိစစ်နေဆဲဟုဆို
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် ၅ ဦးအား လက်နက် ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရမှုကို စိစစ်နေဆဲ ဖြစ်နေကြောင်း ရက္ခိုင့်တပ်မတော် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီသတင်းကို ရရှိထားပြီ ဖြစ်ပါတယ်။ စိစစ်နေတုန်းပဲ ဖြစ်ပါတယ်။ အဲဒီ ရခိုင်ဘက်မှာ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် ဘယ်သူတွေလဲ၊ ဘယ်နေရာမှာ ဘယ်လို အဖမ်းခံရသလဲဆိုတာ စိစစ်နေတုန်း ဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အစပ် ကျေးရွာများ ဖြစ်ကြသော စပါးဆိပ်ကျေးရွာနှင့် အောင်လံချောင်းကျေးရွာအနီး တောစပ်တွင် ရက္ခိုင်တပ်မတော် တပ်ဖွဲ့ဝင် ၅ ဦး ခိုအောင်းနေစဉ် မြန်မာ့တပ်မတော်က ဖမ်းဆီးမိသည်ဟု မြဝတီသတင်းကို ကိုးကားပြီး မြန်မာအစိုးရပိုင် သတင်းစာများတွင် ရေး သား ဖော်ပြသည်။

ဖမ်းဆီးခံခဲ့ကြသူများမှာ တပ်သားအဆင့်ရှိ ကျော်ဝင်း ၃၂ နှစ်၊ စိန်ကျော်သန်း ၃၅ နှစ်၊ ဗိုလ်အဆင့်ရှိ ထွန်းအောင်ဖြူ ၃၀ နှစ်၊ တပ်သားအဆင့်ရှိ ဇင်မျိုးအောင် ၃၃ နှစ်နှင့် ဒဏ်ရာရရှိထားသော ညီလှိုင် ၃၀ နှစ်တို့  ဖြစ်ကြောင်း ဖော်ပြသည်။

သူတို့ထံမှ M 22 (အမ်- ၂၂) မောင်းပြန်ရိုင်ဖယ် ၅ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံးနှင့် အီကွေးမန့် ၅ စုံတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။

အဆိုပါ လက်နက်များ ဖမ်းဆီးရမိပုံကို ဧပြီလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် သူတို့ ငါးဦးအား စစ်ဆေးဖော်ထုတ်ရာမှ လက်နက်ခဲယမ်းမီးကျောက်များကို အခြားနေရာတွင် သို၀ှက်ထားရာ ပိန္နဲချောင်းကျေးရွာ အရှေ့တောင်ဘက်ရှိ လျှိုအတွင်းမှ အမ် (၂၂) နှစ်လက်၊ ကျည်အိမ် လေးခု၊ ကျည်အတောင့် ၈၀၊ လက်ပစ်ဗုံး   ငါးလုံးနှင့်ချပ်ဝတ်တန်ဆာ နှစ်စုံကိုလည်းကောင်း၊ အောင်လံချောင်းကျေးရွာ အရှေ့မြောက်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) သုံးလက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၁၆၇ တောင့်၊ လက်ပစ်ဗုံးလေးလုံးနှင့် ချပ်ဝတ်တန်ဆာ သုံးစုံတို့ကို ဖမ်းမိခဲ့သည်ဟု အသေးစိတ် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ ငါးဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး သတင်းများ ဆက်လက် ဖော်ထုတ်နေကြောင်း သတင်းများတွင် ရေးသား ဖော်ပြသည်။
 
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...