ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
by -
နိရဥ္စရာ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ မြန်မာ့လေကြောင်းဖြင့် နံနက် ၉ နာရီ ခွဲကျော်တွင် ရောက်ရှိလာပြီး လေဆိပ်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ဒီလိုရောက်ရှိလာတဲ့အတွက် ၀မ်းသာကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ပြောင်းလဲနေတဲ့ အခြေအနေကို လေ့လာပြီး ကုလသမဂ္ဂ အနေနဲ့ ပြောင်းလဲ လုပ်ဆောင်ရမယ့် အခြေအနေတွေကို သိရှိခွင့်ရလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ မစ္စယန်ဟီလီအနေနဲ့ အရင်တုန်း ကလည်း အကြိမ်ကြိမ် ရောက်ရှိ ခဲ့ပါပြီ။ ပြောင်းလဲနေတဲ့ အခြေအနေကို လေ့လာပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရင် အခြေအနေကောင်းတွေ ပေါ်ပေါက် လာလိမ့်မယ် လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိနေသည့် နှစ်ဘက်လူမှု အဖွဲ့အစည်း ၏ ပြောင်းလဲ လာသည့် အခြေအနေအပေါ်မူတည်၍ အေးအေးချမ်းချမ်းနှင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်က ပြောကြား ခဲ့သည်။

သူက ဆက်လက်၍ “ယခု အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်နေတာနဲ့အညီ တိုးတက်ပြောင်း လာတဲ့ အခွင့်အလမ်း အခွင့်အရေးတွေကို အသုံးချပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒေါ်စု အပေါ်မှာ တကမ္ဘာလုံးက လက်ခံ ယုံကြည်နေတဲ့အတွက် သူမရဲ့လုပ်ဆောင်ချက် အပေါ်မှာ ဘာသံသယမှ ရှိစရာမလိုပါဘူး။ ဒေါ်စုရဲ့ ဦးဆောင်မှု အောက်မှာ ရခိုင်ပြည်နယ်အစိုးရက လုပ်ဆောင်နေတဲ့အတွက် ကျနော်တို့ရဲ့ ဆောင်ရွက်မှုအပေါ်မှာလည်း ဘာသံသယမှ ရှိစရာမလိုဘူး။ ပြောင်းလဲလာတဲ့ အခြေအနေ အပေါ်မူတည်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ရခိုင်ပြည်နယ်တွင် မကြာသေးမီ က ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှု အပေါ် စိုးရိမ်ပူပင်ကြောင်း ပြောကြားခဲ့သည်။

သူမက “အခုခရီးစဉ်ကို ၀န်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့က လက်ခံကြိုဆိုတဲ့အတွက် ၀မ်းသာပျော်ရွှင်မိပါတယ်။ ပထမကိစ္စက ရခိုင်ပြည်သူပြည်သားတွေ ရဲ့ ပြဿနာပြေလည်ရေး အတွက် ဖြေရှင်းရေး အတွက်ဆောင်ရွက်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်သွားပါ့မယ်။ ရခိုင်ပြည်နယ်မှာ မကြာသေးမီက ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ကျမအနေနဲ့ စိုးရိမ် ပူပင်ခဲ့ရပါတယ်”ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် အရေးကိစ္စများကို ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဦးရွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် ၀မ်းသာအားရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

မစ္စယန်ဟီးလီက “ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို ဦးစားပေးပြီး ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ဦးဆောင်ဦးရွက်လုပ်နေတဲ့အတွက် အထူးဝမ်းသာအားရဖြစ်မိပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်တဲ့နေရာမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အောက်ကနေပြီးတော့ ကူညီလုပ်ဆောင်သွားပါမယ်။ ဒီလို ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အတွက် အထူးကျေးဇူး တင်ရှိပါတယ်”ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်ဆိုသည့် အသုံးအနှုန်းကိုသာ သုံးနှုန်းပြောဆို သွားခဲ့ပြီး၊ ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်း ဆိုသည့် အသုံးအနှုန်းကိုလည်းကောင်း ပြောဆိုသုံးနှုန်းသွားခြင်း မရှိဟု သိရသည်။

၀န်ကြီးချုပ်နှင့် ၁၅ မိနစ်ခန့် တွေ့ဆုံဆွေးနွေးပြီး လေဆိပ်မှ ၁၀ နာရီခန့် ထွက်ခွာသွားခဲ့သည်။

ယနေ့တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာနှင့်လုံခြံုရေးဝန်ကြီး၊ အခြားဝန်ကြီးတစ်ချို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲတစ်ချို့လည်း တက်ရောက်ခဲ့ကြသည်။

ယနေ့တွင် ယန်ဟီးလီသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကာဒီ(ဘင်္ဂလီ) ကျေးရွာနှင့် စစ်ဘေးရှောင်များ ခိုလှုံလျက်ရှိသည့် ကျောက်တော် မြို့နယ် ပညာဝ ကျေးရွာသို့ ခရီးဆက်မည်ဟု သိရသည်။

ယခုခရီးစဉ်သည် မစ္စယန်ဟီးလီ၏ ရခိုင်ပြည်နယ်သို့ တတိယ ခရီးစဉ်ဖြစ်သည်ဟု သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...