၂၁ရာစု ပင်လုံတွင် ဆွေးနွေးရန် အကြိုပြင်ဆင်မှုအပါအဝင် အချက် ၂၁ချက် PNLO ဆုံးဖြတ်

၂၁ရာစု ပင်လုံတွင် ဆွေးနွေးရန် အကြိုပြင်ဆင်မှုအပါအဝင် အချက် ၂၁ချက် PNLO ဆုံးဖြတ်
by -
မဇ္စျိမ
ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ)တွင် အဓိကထား ဆွေးနွေးရန် အကြိုပြင်ဆင်မှုလုပ်ငန်းစဉ်များ အပါအဝင် အချက် ၂၁ ချက်ကို  ပထမအကြိမ် ညီလာခံ၊ ဒသမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“ကျနော်တို့ မူဘောင်တွေရေးဆွဲတဲ့နေရာမှာ ကျနော်တို့ သွားရောက်ပါဝင်ခဲ့တယ်။ မူဘောင်တွေကို ဆွေးနွေးညှိနှိုင်းခဲ့တာတွေကို ကျနော်တို့က ဗဟိုကို ပြန်တင်ပြတယ်။ ဗဟိုကော်မတီက ဒါကို လက်ခံစဉ်းစားတယ်။ ပြီးလို့ ရှိရင် ငြိမ်းချမ်းရေး ညီလာခံမှာ ကျနော်တို့ ဆွေးနွေးရမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ ပြင်ဆင်ပြီးသွားပါတယ်။ ငြိမ်းချမ်းရေးမှာ တက်ရောက်ပြီးတော့ ကိုယ်စားလှယ်နဲ့ ဆွေးနွေးမယ်ဆိုရင် ဘယ်သူတွေ ဆွေးနွေးမလဲ ဆိုတာတွေ ပြင်ဆင်ပြီးသွားပါပြီ”ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံ မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသားများ၏ လူမျိုးရေးအလိုက်၊ အကြောင်းအရာအလိုက်နှင့် ဒေသအလိုက် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လူမျိုးအလိုက်ဆိုရင် ကျနော်တို့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့၊ အကြောင်းအရာ အလိုက်ဆိုရင် လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘောဝ ပတ်ဝန်းကျင်ကဏ္ဍတွေ နဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ကျနော်တို့ ပါဝင် တက်ရောက်ပြီး ဆွေးနွေးဆုံးဖြတ်နိုင်ဖို့၊ နောက်တခါ ပအိုဝ်းလူမျိုးတွေ နေထိုင်တဲ့ ဒေသ အလိုက်ပေါ့။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်။ ပဲခူးတိုင်း၊ အဲဒိီလို ဒေသအဆင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အဲဒီလို သွားရမှာ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်ရမှာတွေ ရှိတယ်”ဟု သူက ပြောသည်။

ထို့ပြင် ဗဟိုအကော်မတီ အစည်းအဝေးတွင် PNLO ၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာအား ဗဟိုအလုပ်အမှုဆောင် တစ်ဦးကဲ့သို့ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသော ဦးဆောင် နာယကအဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) တွင် PNLO ကိုယ်စားပြုပါဝင်သော ဆရာခွန်ထွန်းတင် နေရာ၌လည်း အစားထိုး တာဝန်ပေးအပ်လိုက်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ်က ကျင်းပသော ညီလာခံတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို PNLO ၏ နာယကအဖြစ် တင်မြောက်ခဲ့သော်လည်း ဆုံးဖြတ်ချက်အဖြစ် မချမှတ်ခဲ့သဖြင့် ဗဟိုကော်မတီမှ ဆုံးဖြတ်ချက် စာထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
 
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးသည် တစ်နိုင်ငံလုံး အပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)၏ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ၈ တွင် ပါရှိသည့် လုပ်ငန်းစဉ်ဖြစ်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ) အောင်မြင်စေရေးအတွက် အဓိကကျသည့် အခြေခံလုပ်ငန်းစဉ်အဆင့်တဆင့်ဖြစ်ခြင်း၊ ဒေသပေါင်းစုံ အလွှာပေါင်းစုံ ပါတီအဖွဲ့အစည်းပေါင်းစုံရှိ ပအိုဝ်းပြည်သူများက ပအိုဝ်းတမျိုးသားလုံးဆို်ငရာ မူဝါဒများကို အတူတကွ ဆုံးဖြတ် ချ မှတ်၍ တမူတည်း တစ်သံတည်း ရပ်တည်ဖော်ဆောင်နိုင်ရန်၊ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့သည်ဟု ဇွန်လ ၁၈ရက်က ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် ရရှိရန် နိုင်ငံရေးအဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဘဝတူညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး အတူအကွ ပါဝင်လာနိုင်ရန် ဆက်လက် ကြိုးပမ်းသွားရန် ဆုံးဖြတ်ခဲ့သည်ဟု ပါရှိသည်။
 
ထို့ပြင် ပအိုဝ်းအမျိုးသားတစ်ရပ်လုံး စည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်ရန် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အပါအဝင် ပါတီအဖွဲ့အစည်းများ၊ ပအိုဝ်းစာပေယဉ်ကျေးမှု၊ လူထုအခြေပြု လူမှုအဖွဲ့ အစည်းများနှင့် လည်းကောင်း လုပ်ငန်းစဉ်အလိုက် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
 
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က PNLO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ယခင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
 
PNLO သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ တစ်ခုဖြစ်ပြီး  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က တပ်ပေါင်းစု၏ အားလုံးပါဝင်ရေး မူကို လိုက်နာခြင်း မရှိဟု ဆိုကာ အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းထားခြင်းခံရသော အဖွဲ့ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...