ဇွန်လအတွင်း ရေဘေးကြောင့် ရခိုင်၌ လူ ၁၃ ဦးသေဆုံးပြီး အိမ်ခြေ ၃၀၀ နီးပါးပျက်စီး

ဇွန်လအတွင်း ရေဘေးကြောင့် ရခိုင်၌ လူ ၁၃ ဦးသေဆုံးပြီး အိမ်ခြေ ၃၀၀ နီးပါးပျက်စီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အတွင်း ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့ထိ ရေဘေးကြောင့် သေဆုံးသူ ၁၃ ဦးရှိပြီး လူနေအိမ် ၃၀၀ နီးပါးခန့် ပျက်စီးသွားကြောင်း သိရသည်။

သေဆုံးများထဲတွင် တောင်ကုတ်မြို့နယ် ၀က်ကျိတ်ရွာမှ အမျိုးသမီး လေးဦး၊ အမ်းမြို့နယ် သလူမော်ရွာမှ ဦးသန်းသန်းနှင့် ဒေါ်သန်းခင်တို့ ၏ သား အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ ရသေ့တောင် မစဲကမ်းမှ တစ်ဦးဖြစ်ကြသည်။ တစ်ခြား သီးခြား ဖြစ်စဉ် တစ်ခုတွင် ပုဏ္ဍားကျွန်းမြို့နယ် ပိုးရွှီပြင်ရွာမှ ကျောင်းသား ကျောင်းသူ ခုနှစ်ဦးတို့ ကူးတို့ စက်လှေနစ်၍ ဇွန်လ ၁ ရက်နေ့က သေဆုံးခဲ့ကြရသည်။

ပြိုပျက်သွားသော အိမ်ခြေ အရေအတွက်မှာ သံတွဲမြို့နယ်တွင် ရေကြီး၍ မျောပါသွားသော အိမ်ခြေမှာ ၂၀၀ ကျော်ရှိပြီး မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာ တွင် လေဆင်နှာမောင်း တိုက်ခတ်၍ အိမ်ခြေ ၃၄ လုံးပျက်စီးသွားခဲ့သည်။ ၎င်းပြင် အမ်းမြို့နယ် ကဏန်းပြင်ရွာတွင် မြေပြို၍ အိမ် ၈ လုံး ပြိုပျက်သွားခဲ့ကြောင်း အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။

သံတွဲမြို့နယ်တွင် ရွာပေါင်း ၁၂ ရွာမှ အိမ်ခြေ ၂၀၀ ကျော် ရေထဲမျောပါသွားခဲ့ကြောင်း၊ ယင်းဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကယ်/ ဆယ် ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်ကလည်း နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

Taungup

ရေကြီး၍ ဒုက္ခရောက်နေကြရသော ရွှေလှေကျေးရွာသို့ သွားရောက်ပြီး ထမင်းထုပ် အပါအဝင် အကူအညီ သွားပေးခဲ့သူ ငပလီမြို့မှ ကိုမြင့်ဇော်က “ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေ ကယ်ဆယ်ရေးတော့ စတင်နေပါပြီ။ ဒါပေမယ့် လုံလောက်တဲ့ အဆင့်တော့ မရောက်သေးဘူးပေါ့။ ပြဿနာက ရေကျသွားပေမယ့် နှုန်းတွေ တစ်ပေ အမြင့်ထိ တင်ကျန်ခဲ့တယ်။ ထမင်းချက်လို့ မရဘူးပေါ့။ ဒါကြောင့် ကျွန်တော်တို့ မနေ့က ထမင်းထုပ်တွေ သွားကူညီခဲ့ပါတယ်” ဟု ပြောသည်။

အပျက်အစီး အများဆုံးကျေးရွာမှာ ပုရစ်ရေကောက်ဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော် ရေထဲပါသွားသည်ဟု ပြောသည်။

“ အဓိက အဆိုးဆုံးက ပုရစ်နဲ့ ရေကောက်ကျေးရွာတွေ ဖြစ်ပါတယ်။ အပျက်အစီးများပါတယ်။ အိမ်ခြေ ၁၀၀ ကျော်လောက် ရေထဲပါသွားပါတယ်။ ကျန် အပျက်အစီးများကတော့့ ပေါက်တော၊ချောင်းကုန်း၊အုန်းမော်၊ ချောင်းကောက်၊ ရွှေလှေ၊ အောက်နတ်မော်နဲ့ ချောင်းကုန်းကျေးရွာတွေမှာ အပျက်အစီးများပါတယ်” ဟု ပြောသည်။

Thandwe

သံတွဲမြို့နယ် တစ်ခုတည်းတွင် ရေလွှမ်းမိုးခံရသော အိမ်မှာ ၁၇၄၉ လုံးရှိပြီးပျက်စီးသွားသော အိမ်မှာ ၂၁၀ ကျော်ရှိကြောင်း၊ ရေကောက်ရွာတွင် ဓမ္မာရုံနှစ်ရုံ၊ သိမ်တစ်ခုတို့ ပျက်စီးပြီး မူလတန်း စာသင်ကျောင်းဆောင်တစ်ခုမှာ ရေစီးနှင့် မျောပါသွားသဖြင့် လုံးဝ ပျက်စီးသွားသည်ဟု သိရသည်။

အမ်းမြို့နယ် ရူးကျေးရွာတွင် ရေတက်ရာမှ သိုလှောင်ထားသော စပါးတောင်း ၁၇၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း၊ အပျက်အစီးစာရင်းကို အထက်သို့ တင်ပြထားကြောင်း ရူးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ရူးကျေးရွာတွင် ချောင်းရေ ကျော်မဝင်ရန် ကာထားသော တာတစ်ခုနှင့် သလူမော်တွင်လည်း တာတမံ တစ်ခု ကျိုးပျက်သွားသည်ဟု သတင်း ရရှိသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...