ယခုနှစ် ရခိုင်ပြည်နယ်မှ ၆ ရာဘာသာဂုဏ်ထူးရှင် ၁၅ ဦး ထွက်ပေါ်လာခဲ့ပြီး ပေါက်တော အထက မှ ၆ ဘာသာ ဂုဏ်ထူးရှင် နှစ်ဦးထွက်ပေါ်လာခြင်းမှာ ပထမ ဦးဆုံး အကြိမ် ဖြစ်သည်ဟု လက်ရှိကျောင်းအုပ်ဆရာမ ဒေါက်တာစိုးယုမာက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ကျောင်းအုပ်တစ်ယောက်အနေနဲ့ တာဝန်ယူထားရတဲ့အနေအထားမှာ ၆ ဘာသာ ဂုဏ်ထူး နှစ်ယောက် ပါတယ်ဆိုတော့ ကျမအနေနဲ့ အတိုင်းမသိ ၀မ်းသာမိပါတယ်။ ပေါက်တော အထက အနေနဲ့ အခုအချိန်မှ ၆ ဘာသာဂုဏ်ထူး ထွက်တာပါ”ဟု ဒေါက်တာစိုးယုမာကပြောသည်။
ယင်းကဲ့သို့ ၆ ဘာသာ ဂုဏ်ထူးထွက်ရှိစေရန် ကျောင်းသားများကို စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့သည်ဟု လက်ရှိပေါက်တော အထက ကျောင်းအုပ်က ဆိုသည်။
“ကျောင်းအနေနဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေကို စနစ်တကျ စည်းကမ်းတကျ ပြုစုပျိုးထောင်ပေးခဲ့တယ်။ နောက်ပြီးတော့ ဘာသာရပ်အလိုက် သူတို့ရဲ့လိုအပ်ချက် အားနည်းချက် အားသာချက်တွေကို ညှိနှိုင်းဆွေးနွေးပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ်။ ဥပမာ မြန်မာစာဆိုလို့ရှိရင် စာစီစာကုံးကောင်းမှ ဂုဏ်ထူးထွက်နိုင်မှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စာစီစာကုံး အရေးအသားပိုင်းကို ကျောင်းကဆရာမတွေနဲ့အတူ သူတို့ကို လေ့ကျင့်ပေးပါတယ်။ အင်္ဂလိပ်ဘာသာရပ် ဆိုရင်လည် Writing ကောင်းမှပဲ ဂုဏ်ထူးထွက်နိုင်မှာဖြစ်တဲ့အတွက် အရေးအသားတွေကို သူတို့ကိုယ်တိုင်ရေးသားနိုင်အောင် အင်္ဂလိပ်စာ ဆရာမက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်”ဟု ဆက်ပြောသည်။
ပေါက်တောမြို့စာစစ်ဌာနတွင် အောင်မြင်သူ ၃၉၄ ဦးအနက် ၆ဘာသာဂုဏ်ထူးရှင် ၂ဦး၊ ၅ဘာသာဂုဏ်ထူးရှင် ၂ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၄ဦး၊၂ဘာသာဂုဏ်ထူးရှင် ရဦးနှင့် ၁ဘာသာဂုဏ်ထူးရှင် ရ၂ဦး ထွက်ရှိခဲ့သည်ဟု သိရသည်။
ပေါက်တောအထကတွင် နှစ်ပေါင်းများစွာ စာပြခဲ့ပြီး အငြိမ်းစားယူထားသည့် ဆရာ ဦးစောလှမောင်ကလည်း “၆ ဘာသာ ဂုဏ်ထူးထွက်တဲ့ ကျောင်းသားနှစ်ယောက်လုံး အစကတည်းက စာတော်ကြပါတယ်။ မိဘတွေကလည်း စနစ်တကျနဲ့ ကြည့်ရှုပြီးတော့ ဆရာ ဆရာမတွေကလည်း ၀ိုင်းပြီး ပြုစု ပျိုးထောင်ပေးတဲ့အတွက် ဒီလိုမျိုး ထူးထူးချွန်ချွန် အောင်မြင်ကြတာပါ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ပေါက်တော အထက မှ ၆ ဘာသာ ဂုဏ််ထူးရှင်နှစ်ဦးမှာ မောင်ကျော်ဝင်းထွန်းနှင့် မစောသင်္ဂီအောင်တို့ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်ချက် အကောင်းဆုံး မြို့များမှာ ပေါက်တောမြို့က ၃၁.၈၇ ရာနှုန်းဖြင့် ပထမ၊ မင်းပြားမြို့က ၂၈.၃၄ ရာနှုန်းဖြင့် ဒုတိယ၊ ရမ်းဗြဲမြို့က ၂၇.၃၂ ရာနှုန်းဖြင့် တတိယ၊ သံတွဲက ၂၆.၈၂ ရာနှုန်းဖြင့် စတုတ္ထနှင့် မာန်အောင်က ၂၅.၃၇ ရာနှုန်းဖြင့် ပဥ္စမ ရရှိသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ကျောင်းအလိုက် အောင်ချက်အကောင်းဆုံးကျောင်းများမှာ အထက ၂ စစ်တွေက ၄၄.၅၇ ရာနှုန်းဖြင့် ပထမ၊ အထက ၁ သံတွဲ ၄၁.၈၉ ရာနှုန်းဖြင့် ဒုတိယနှင့် အထက ပေါက်တောက ၄၁.၀၁ ဖြင့် တတိယနေရာ ရရှိသည်ဟု ပြည်နယ်ပညာရေးဦးစီးဌာနရုံးမှ သိရသည်။
ရခိုင်ပြည်နယ်အနေဖြင့် ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ကျသွားသော်လည်း အောင်ချက်အကောင်းဆုံး စာရင်းဇယားတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် နံပါတ် ၁၂ နေရာတွင်ရှိပြီး ယခင်နှစ်က နံပါတ် ၁၃ နေရာတွင် ရှိနေခဲ့သည်။







