မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ဇွန်လ ၁၀ ရက် ယနေ့ နံနက်က ရန်ကုန်- စစ်တွေ ကားလမ်းမကြီး ဘေးရှိ ရူးနှင့် တပ်တောင် အကြား ဆက်သွယ်ထားသော ချဉ်းကပ်လမ်းများ အပါအဝင် တံတား ၄ စင်းခန့် ပျက်စီးသွားပြီဟု ဆိုသည်။
“ကျနော်တို့ လွှတ်တော်က ကော်မတီသုံးခု ခရီးထွက်နေပါတယ်။ မိုးနည်းနည်းပဲ ရွာပါသေးတယ်။ တံတားတွေရဲ့ ချည်းကပ်ဘောင်တွေ ပိုင်းပြီး ရေထဲပါသွားတယ်။ ချဉ်းကမ်လမ်းတွေကို ပီနံအိတ်တွေထဲ သဲတွေထည့်ပြီး တည်ဆောက်ထားတော့ ဆားငန်ရေတွေ ၀င်ပြီး ရေတိုက်စားတာနဲ့ ကမ်ပါးတွေ ပြိုကျတာသွားတာပါ။ အခုတော့ ချဉ်းကပ်လမ်းတွေပြိုပြီး တံတား ၄ စင်းက ရေထဲပါသွားပါတယ်။ နောက် တံတားနှစ်စင်းက ကျိုးသွားပါတယ်” ဟု ဦးခင်မောင်ဌေးက ပြောသည်။
ရူးကျေရွာတွင်လည်း ရွာသို့ ဆားငန်ရေ မဝင်ရအောင် တားဆီးထားသော တာတမံမှာ ကျိုးပေါက်သွားပြီး ရွာထဲသို့ ရေများ ၀င်လာသဖြင့် ရေကြီးမည်ကို ရွာသားများ စိုးရိမ်နေကြသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းနိုင်က နိရဥ္စရာသို့ ယနေ့ ညနေ ၃ နာရီက ပြောသည်။
“ ရွာကို ရေမဝင်ရအောင် ကာထားတဲ့ တာကျိုးသွားပါပြီ။ ဒီတာက ဆည်မြောင်းက ရွာထဲကို ဆားငန်ရေ မဝင်ရအောင် ကာထားတဲ့ဆည်ပါ။ လုပ်တာက မခိုင်ခန့်တာကြောင့် မိုးရွာတာနဲ့ ကျ်ိုးသွားတာ ဖြစ်ပါတယ်။ အခု ရွာထဲက မြေနိမ့်ပိုင်းကို ရေတွေ ၀င်လာပြီး နစ်နေပါပြီ။ အထက်ကို ဒီလို ဖြစ်နေတယ်ဆိုတာကို တင်ပြလိုက်ပါပြီ” ဟု ဆိုသည်။
ယခုအခါ ရူးရွာမှ မြေနိမ့်ပိုင်းမှ မိသားစုများလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည်ဟု သိရသည်။ ရူးရွာသည် အိမ်ခြေ ၁၅၀၀ နီးပါးခန့်ရှိသော ရွာကြီး တစ်ရွာဖြစ်ပြီး ယမန်နှစ်ကလည်း မိုးကြီးပြီး ရေနစ်ခဲ့သဖြင့် အိမ်ခြေတစ်ဆယ်ကျော် ရေထဲပါသွားခဲ့သည်ဟု သိရသည်။
ကျေးရွာသားများ အနေဖြင့် ရူးနှင့် တပ်တောင် လမ်းပိုင်းသွားသည့် အပြင် ရွာထဲသို့ ရေများ ၀င်လာနေသဖြင့် အခြေအနေမည်သို့ ဖြစ်လာမည်ကို သတိထား စောင့်နေကြသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။







