၄င်းသင်တန်းသို့ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျော်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်တို့မှ လူမှုအဖွဲ့စည်းများနှင့် နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ ၃၃ ဦး တက်ရောက် လျက်ရှိသည်ဟု ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးနေစိုးက ပြောသည်။
သင်တန်းကို အမေရိကန်စင်တာမှ iPACE က သင်တန်းဆရာများကို စီစဉ်ပေးခြင်းဖြစ်ပြီး၊ သင်တန်းသားများအတွက် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ တာဝန်ယူ စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
“ကျွန်တော်သင်ပြ ပို့ချပေးတာကတော့ အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Organizational Development for Civil Society ဖြစ်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဘယ်လို ဖွံ့ဖြိုးတက်အောင် လုပ်မလဲဆိုတာတွေကို သင်ကြားပေးပါတယ်”ဟု သင်တန်းပို့ချပေးသူ ဆရာ သက်ကိုနိုင်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဘာသာရပ်များ၏ အရေးပါပုံမှာ ဒေသခံ လူမှုအဖွဲ့အစည်းများအနေဖြင့် မည်ကဲ့သို့ ဖွံ့ဖြိုးတက်လာအောင် လုပ်မည်နည်း၊ နိုင်ငံကလည်း ပြောင်းလဲလာသည့်အချိန်တွင် နဂိုရှိပြီးသား အဖွဲ့အစည်းများအနေဖြင့် မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်မည်နည်းဆိုသည်များကို ဦးစားပေးပြီး သင်ပေးသည်ဟု သိရသည်။
လူမှုအဖွဲ့အစည်းတစ်ခုချင်းစီတွင် အားသာချက်များရှိပြီးသား ဖြစ်သော် နည်းစနစ်ကျကျ မည်ကဲ့သို့ လုပ်မည်နည်းဆိုသည်များကို ဘေးကပံ့ပိုးပေးသည့်သဘောမျိုးဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်သည်ဟုလည်း သင်တန်းဆရာ ကိုသက်နိုင်ထွန်းက ဆိုသည်။
သင်တန်း တက်ရောက်သူ ရခိုင်မျိုးချစ်ပါတီမှ အဖွဲ့ဝင် ဦးခင်မောင်ထွန်းက လည်းသင်တန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်းပြောသည်။
“ဒီသင်တန်းက အဓိက iPACE မြန်မာဆိုတဲ့ အမေရိကန်စင်တာက ၈၈ လူမှုအဖွဲ့စည်းနဲ့ ပူးပေါင်းပြီးလုပ်တဲ့ သင်တန်းဖြစ်ပါတယ်။ အဓိက သင်ကြားပေးတာကတော့ လူမှုအဖွဲ့အစည်းတွေကို ဘယ်လို ဖွဲ့စည်းကြမှာလဲ၊ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာ မဟာဗျူဟာတွေကို ဘယ်လိုသွားကြမှာလဲဆိုတာကို အဓိကထားပြီးတော့ သင်ကြားပေးတာဖြစ်ပါတယ်” ဟု ဆိုသည်။
သင်တန်းတွင် အဖွဲ့အစည်းကို မည်ကဲ့သို့ ဖွဲ့စည်းရမည်၊ ၄င်းအဖွဲ့အစည်းကို စတင်ဖွဲ့စည်းစဉ်အခါ မည်သည့်အရာကို အခြေခံပြီး ဖွဲ့စည်းခဲ့ကြသနည်းဆိုသည့် အကြောင်းအရာများပါ၀င်ကြောင်း၊ အဖွဲ့အစည်း တစ်ခုတွင် မည်ကဲ့သို့ တာဝန်ယူပြီး အလုပ်ကို လုပ်ကြမည်၊ အဖွဲ့အစည်းကို ရေရှည်တည်တံ့ရန်နှင့် အောင်မြင်အောင် မည်ကဲ့သို့ ခရီးဆက်ကြမည် ဆိုသည့်အကြောင်းအရာများပါ၀င်ပြီး သင်တန်းပြီးလျှင် မိခင်အဖွဲ့အစည်းအတွက် လက်တွေ့အသုံးချ၍ ရနိုင်မည်ဟု သူက ဆက်ပြောသည်။
သင်တန်းတက်ရောက်နေသူ ရခိုင်ကျောင်းသားသမဂ္ဂမှ မအေးမြတ်ကျော်ကလည်း “သင်ရတာကတော့ အဖွဲ့အစည်းတစ်ခုမှာ Stragic Planning လို့ ပြောပြောနေကြတဲ့ မဟာဗျူဟာမြောက် ရေးဆွဲနည်းရယ်၊ အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်အရာတွေလိုအပ်လဲ၊ ပြီးတော့ အဖွဲ့အစည်း လည်ပတ်ဖို့အတွက် ဘယ်ဟာတွေ လိုအပ်မှာလဲ ဆိုတာတွေကို သင်ကြားပေးတာပါ”ဟု ပြောသည်။
တစ်ချို့သင်တန်းများတွင်လည်း ဗဟုသုတများရကြောင်း၊ ယခုသင်တန်း၏ ထူးခြားချက်မှာမူ သင်တန်းပြီးသည်နှင့် လက်တွေ့အသုံးချ၍ ရနိုင်သည့်အကြောင်းရာများပါ၀င်သည်ဟု မအေးမြတ်ကျော်က ဆက်ပြောသည်။
သင်တန်းတွင် အဖွဲ့အစည်းအတွက် လက်တွေ့အသုံးချနိုင်မည့် အကြောင်းအရာများဖြစ်သည့် အဖွဲ့အစည်းတစ်ခုကို မည်ကဲ့သို့ ဦးဆောင်မည်၊ ခိုင်မာအောင် မည်သို့လုပ်ရမည်၊ ရေရှည်တွင် မည်ကဲ့သို့ရပ်တည်မည် ဆိုသည့် သင်ခန်းစာများပါ၀င်ကြောင်း သိရသည်။
အခြားအဖွဲ့အစည်းများအနေဖြင့်လည်း iPACE နှင့် ဆက်စပ်ပြီး သင်တန်းလုပ်လိုပါက လိုအပ်သည့်သင်တန်းကို တင်ပြရမည်ဖြစ်ပြီး သင်တန်းအပေါ်တွင်မူတည်ပြီး ကို့စ်ကိုစီစဉ်ပေးကြောင်းနှင့် လိုအပ်သည့် Criteria နှင့်ညီလျှင် သူတို့ဘက်က ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။







