ပေါက်တောမှ ကဏန်းသွားရောင်းသည့်စစ်ရှောင်ငါးဦး ရသေ့တောင်တွင် နှစ်လကျော်ကြာပျောက်ဆုံးနေ

ပေါက်တောမှ ကဏန်းသွားရောင်းသည့်စစ်ရှောင်ငါးဦး ရသေ့တောင်တွင် နှစ်လကျော်ကြာပျောက်ဆုံးနေ

မောင်စာဂ — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ကဏန်းရောင်းရန်သွားသည့် စစ်ဘေးရှောင်အမျိုးသားငါးဦးသည် ရသေ့တောင်မြို့နယ်တွင် နှစ်လကျော်ကြာပျောက်ဆုံးနေပြီး အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်များ အထူးစိုးရိမ်နေသည်ဟု သိရသည်။

ပျောက်ဆုံးနေသူများမှာ ပေါက်တောမြို့နယ်၊ ငွေတွင်းတွေကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ဦးခင်မောင်အေး (၄၂)နှစ်၊ ကိုမောင်ဘသိန်း (၃၃)နှစ်၊ ကိုမောင်သန်းဌေး (၂၁)နှစ်၊ ကိုမင်းထက်အောင် (၃၂)နှစ်၊ ကိုနိုင်လင်းစိုး(၂၈)နှစ်တို့ဖြစ်ကြသည်။

သူတို့သည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် ငွေတွင်းတွေကျေးရွာမှတဆင့် မောင်တောမြို့သို့ ဖိုင်ဘာစက်လှေနှစ်စီးဖြင့် ကဏန်းသွားရောင်းခဲ့သည်ဟု သိရသည်။

နောက်တစ်နေ့ ဧပြီလ ၁ ရက်၊ ညနေ ၇ နာရီတွင် သူတို့သည် မောင်တောမြို့မှတဆင့် ရသ့တောင်မြို့နယ်သို့ရောက်ရှိနေပြီဟုဆက်သွယ်ခဲ့ပြီးနောက် အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဧပြီလ ၄ ရက်မှစတင်ကာ မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ကြသော်လည်း သတင်းအစအနတစ်စုံတရာမရရှိခဲ့ဟု ပျောက်ဆုံးသူများတွင်ပါဝင်သည့် ကိုနိုင်လင်းစိုး၏အမျိုးသမီး မရွှေယဉ်ဝင်းက နိရဉ္စရာကို ပြောသည်။

“ဖိုင်ဘာကလည်း နှစ်စီးပါ။ ဖိုင်ဘာလည်း အကြီး။ နောက်ပြီး ကဏန်းပုံးခွံတွေလည်း ၈ဝ ကျော်လောက်ပါသွားပါတယ်။ ကျမတို့ အဲဒီအချိန်တုန်းကနေ အဲဒီဘက်က စခန်းတွေမှာ တိုင်တော့ ထူးခြားဖြစ်စဉ်မရှိဘူးလို့ပြောပါတယ်။ လွဲပါစေ၊ ဖယ်ပါစေ သေတယ်၊ ပျောက်တယ်ဆိုရင်တောင်မှ အစအနတစ်ခုရမယ်။ အခု ဖိုင်ဘာတွေကိုလည်း လုံးဝ ရှာလို့မရဘူး။ အစအနလည်း မရ၊ သတင်းလည်း မကြားဘူး။ နောက်ပြီးရင် ပုံးခွံကပင်အစ မကျန်ခဲ့ဘူး။ လုံးဝ လုံးဝလည်း ပျောက်သွားပါတယ်။ လုံးဝလည်း ရှာလို့မတွေ့ဘူး။ ဆိုတော့ ဟိုကိုတိုင်ကြားရင်လည်း ရှာပေးမယ်၊ စုံစမ်းပေးမယ်လို့ပြောပါတယ်။ တစ်ခုမှ ရှာမရဘူး။ အဲဒီရွာတွေဘက်တွေကိုလည်း ဆက်စပ်ပြီး ရှာကြည့်ပြီးပြီ။ တစ်ခုမှ မတွေ့ဘူး”ဟု ပြောသည်။

ပျောက်ဆုံးနေသူငါးဦးထဲတွင် အမျိုးသားနှင့်အတူ မောင်အရင်းတစ်ဦးနှင့် မောင်ဝမ်းကွဲတစ်ဦး စသည့် တစ်အိမ်တည်းမှ မိသားစုဝင်သုံးဦးပါဝင်သွားပြီး သူတို့သည် ပေါက်တောမှ စစ်ရှောင်များဖြစ်ကြသည်ဟု မရွှေယဉ်ဝင်းက ဆိုသည်။

အလားတူ ကျန်နှစ်ဦးထဲမှ ကိုမောင်ဘသိန်းသည် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်ဖြစ်ပြီး ဦးခင်မောင်အေးသည်လည်း ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်ဖြစ်သည်ဟု သိရသည်။

သူတို့ငါးဦးတွင် စက်လှေနှစ်စီးနှင့်အတူ ကဏန်းပုံးခွံ ၈ဝ ကျော်နှင့် ငွေကျပ်သိန်း ၃ဝဝ ကျော် ပါသွားကြောင်း မရွှေယဉ်ဝင်းက နိရဉ္စရာကို ပြောသည်။

“စစ်မှုထမ်းသွားလား အဲလိုမျိုးလည်း အတိအကျမသိဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက စစ်မှုထမ်းပုံစံမျိုးလည်း ကျမတို့ လေးလပိုင်းမှာက အဲလောက်ထိလည်း ကျယ်ကျယ်ဝန်းဝန်းမခေါ်သေးဘူး”ဟု ပြောသည်။

ပျောက်ဆုံးသွားသူများအသုံးပြုနေသည့်စက်လှေနှစ်စီးသည် လတွက်ဖြင့် ငှားရမ်းအသုံးပြုနေခြင်းဖြစ်သလို ကဏန်းရောင်းရန်အရင်းအနှီးမှာလည်း ရင်းနှီးသူများထံမှ အတိုးဖြင့်ချေးငှားထားသည့်အတွက် လက်ရှိတွင် သူတို့ငါးဦး၏မိသားစုဝင်များသည် အလွန်တရာအခက်အခဲဖြစ်နေရကြောင်းလည်း မရွှေယဉ်ဝင်းက နိရဉ္စရာကို ပြောသည်။

“ကျမတို့လည်းဆောက်တည်ရာမရဘူး။ စီးပွားရေးတွေကလည်း အရမ်းပျက်။ ဘဝပျက်လို့လာတာပါ။ ဒီမှာလည်း ချေးငှားပြီး အဲလိုလုပ်စားနေတာပါ။ အခုလည်း ဒီလိုဖြစ်သွားတော့ ယူကျုံးလည်း မရဘူး။ စိတ်ဓာတ် တစ်ခါတလေကျရင် ကျမ အဆိပ်တွေဘာတွေစားပြီးသေပစ်မယ်လို့ အဲလိုလည်း စိတ်တွေဖြစ်မိတယ်။ အဲလို စိတ်တွေကို လွှတ်ပစ်လိုက်ချင်တယ်။ ကြည့်လိုက်ရင်လည်း ကလေးတစ်ယောက်က။ အော် ကိုယ့်သမီးလေးကို ဟိုဟာဖြစ်လို့ပါ။ ဘဝတွေကလည်း အရမ်းဆိုးပါတယ်”ဟု ပြောသည်။

ယခုပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ရသေ့တောင်နှင့်ပေါက်တောမြို့နယ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိရုံးများတွင် သွားရောက်တိုင်ကြားခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းမထူးသေးဟုလည်း ဆိုသည်။

ပျောက်ဆုံးနေသူများသည် ယခင်ကလည်း မောင်တောမြို့သို့ ယခုကဲ့သို့ ကဏန်းသွားရောက်သွင်းခဲ့ဖူးသော်လည်း အနှောင့်အယှက်တစ်စုံတရာမရှိခဲ့ဟု သိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...