အဆိုပါအမှိုက်စွန့်ပစ်သည့်နေရာသည် လူနေအိမ်များနှင့် နီးကပ်စွာရှိနေပြီး စွန့်ပစ်အမှိုက်များမှ ထွက်ရှိလာသော အနံ့ သက်ဆိုး များကို အနီးနားရှိဒေသခံများက နေ့စဉ်ရှူရှိုက်နေရသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်မှုများ ရှိလာသည်ဟု ယင်းနေရာ အနီး နေထိုင်သူတစ်ဦး ဦးတလွားငါက ပြောသည်။
“ဇွန်လ ၆ ရက်နေ့ကစပြီး စည်ပင်အဖွဲ့တံဆိပ်ပါ အပြာကား အစီး ရ စီးလောက်နဲ့ နေ့စဉ် အမှိုက်တွေ လာပစ်ခဲ့ကြတယ်။ ဒီကိစ္စအပေါ်သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူတို့လည်း တွေ့ဆုံပြီး တာဆီးဖို့အထိ တောင်းဆိုတင်ပြလိုက်တယ်။ ဒါပေမယ့် ဇွန် ၁၀ ရက်နေ့အထိတော့ ထူးခြားမှု မရှိသေးဘူး ” ဟု ဦးတလွားငါကပြောသည်။
စွန့်ပစ်အမိုက်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ပြည်သူများ၏ကျန်းမာရေးပါ ထိခိုက်နိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ မှ အမြန်ဆုံးရှင်းလင်းပေးသင့်သည်ဟု သက်ရှိသတ္တဝါနှင့် ပတ်ဝန်းကျင် ဆက်စပ်မှု အခြေအနေ လေ့လာသူ ဦးပက်မွန်ကျွား က ပြောသည်။
“ဒီသင်္ချိုင်းမြေကို ကလေးမြို့ တမြို့လုံးရဲ့ အမှိုက်စွန့်ပစ်ရာနေရာအဖြစ် စတင်အသုံးပြုလာတာဟာ အနာဂတ်မှာ ပတ်ဝန်းကျင်ကို အလွန်ညစ်ညမ်းအကျည်းတန်စေလာလိမ့်မယ်” ဟု သူကပြောသည်။
ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် ဘာသာပေါင်းစုံသုသာန်မြေ (ဟောင်း)နေရာဖြစ်သော ယခု အမှိုက်စွန့်ပစ်ရာ နေရာသည်တာဟန်းရပ်ကွက်၏အနောက်ဘက် တာဟန်း-ပျဉ်းတောဦး ကားလမ်း ညာဘက်ခြမ်းတွင်တည်ရှိသည်။
ယခင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Cabinet အစည်အဝေး၏ ဆုံးဖြတ်ချက်အရ အဆိုပါနေရာအား သုသာန်မြေမှ ဖျက်သိမ်းခဲ့ပြီး ၎င်းနေရာတွင် အခြားနည်းအသုံးချခွင့်ပြုလိုက်ကြောင်း ၂၀၁၃ အောက်တိုဘာလ ၃ ရက်နေ့တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီရင်ခံတစ်ခုတွင် ဖော်ပြထားသည်။
ထိုနည်းတူ ချင်းပြည်နယ်သွားကားအသင်းနှင့် ယာဉ်ရပ်နားစခန်း(ကားဂိတ်)အတွက် အဆိုပါသုသာန်မြေမှ မြေဧက၂.၆၄ အား လျာထားကြောင်း ယခင် ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥကဋ္ဌ ဦးမောင်ထူးက ပြောခဲ့ဘူးသည်။
ယခုကဲ့သို့ အခြေခံအဆောက်အအုံအတွက် မြေနေရာလျာထားခဲ့သော်လည်း ယနေ့အချိန်အထိ ပေ ၃၀ ပတ်လည်အတွင်း အညစ်အကြေးနှင့် စွန့်ပစ်အမှိုက်များစုပုံလျက်ရှိသည့်အပြင် အုတ်ဂူ ၈ ခုနှင့် လူသေမြှပ်နှံသည့် မြေပုံများပြည့်နှက်လျက်ရှိနေသည် ကိုလည်း မြင်တွေ့နေဆဲဖြစ်သည်။
“အထူးသဖြင့် တာဟန်းရပ်ကွက်ကို ကြီးမားတဲ့ ရေရှည်ဆိုးကျိူးပေးမယ့် အရေးနဲ့ နိုင်ငံတော် ရက် ၁၀၀ စီမံကိန်း ထဲမှမြို့နယ်စည်ပင်ရဲ့အလွန်ညံ့ဖျင်းတဲ့စီမံဆောင်ရွက်မှုကိုု သက်ဆိုင်ရာ အာဏာပိုင်များ ရပ်ရွာ လူမှုအဖွဲ့အစည်းများက အချိန်မလွန်မီ ၀ိုင်းဝန်းတားဆီးပေးကြဖို့ အရေးကြီးနေပါတယ်” ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး လည်းဖြစ်သူ ဦး ပက်မွန်ကျွားက ပြောသည်။







