မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ရန်လိုအပ် – CNF ဥက္ကဋ္ဌ

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ရန်လိုအပ် – CNF ဥက္ကဋ္ဌ
by -
ခိုနူမ်းထုန်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမလုပ်ဘဲ ပြည့်စုံ သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာမည်မဟုတ်သလို ပြည့်စုံသည့် ပြည်တွင်းငြိမ်းချမ်းရေးလည်း ဖြစ်လာမည် မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ် ဇွန်လ (၉-၁၁) ရက်နေ့အထိ ချင်းပြည်နယ် ဟားခါးမြို့ ကာဆင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တတိယကြိမ်မြောက် အစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌ ပူးဇင်ကျူံး က အခုလိုပြောကြားခြင်းဖြစ်သည်။
“တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအားလုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပြုလုပ်နိုင်ရေးအတွက် ကျနော်တို့ အားလုံး ၀ုိင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်သလို လက်ရှိအာဏာရ အစိုးရနဲ့ စစ်တပ်အနေနဲ့ တဖွဲ့မကျန် ပါ၀င်လာအောင် လက်ခံဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

လက်နက်စွန့်ရမည်ဆိုသည့် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းသည် မအောင်မြင်တော့သည့် ချဉ်းကပ်နည်းဖြစ်သည့် အတွက် အားလုံးပါ၀င်နိုင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဆက်လက်ဆောင်ရွက်ရန် လက်ရှိအစိုးရနှင့် တပ်မတော်အား အလေးအနက် တိုက်တွန်းလိုကြောင်း ပူးဇင်ကျူံးက အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
ဘုံသဘောတူညီချက် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီသည် ၂၀၁၃ခုနှစ် ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံ ဘုံသဘော
တူညီချက် (၁၅၁) ချက်ကို လက်တွေ့အကောင်အထည် ဖေါ်ဆောင်ရွက်သည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် (၄၅) ဦးဖြင့် ဖွဲ့စည်းခဲ့ရာ လုပ်ငန်းပိုမိုအကောင်အထည်ဖေါ်နိုင်ရေးအတွက် အဖွဲ့ဝင် (၅၀) ကျော်ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။

ထို့အပြင် ယင်းကော်မတီအစည်းအဝေးက ၂၁-ရာစု ပင်လုံညီလာခံတွင် တင်သွင်းမည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပါွးရေး၊ လူမှုရေးနှင့် မြေယာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကိုလည်း ကဏ္ဍအလိုက် ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။

ကော်မတီအစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦးအပါအဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဒေသများ၏ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူ ဦးရေ (၁၀၀) တက်ရောက်ခဲ့ကြသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...