မေလ၂၄ ရက် နေ့လယ် ၁ နာရီတွင် စစ်တွေ ခရိုင် အုပ်ချုပ်ရေးမှူး ရုံးဝင်းရှိ မင်းသူရိယခန်းမ၌ ရှင်းလင်းပွဲတစ်ခုပြုလုပ်စဉ် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးမှူးက ထိုသို့ ပြောဆိုသည်။
“ကျွန်တော်တို့ သွားရောက် စစ်ဆေးကောက်ခံခဲ့ရာ လူဦးရေ ၃၉၃၃ ဦး ရှိပြီးတော့ အိမ်ထောင်စု ၆၉၁ ရှိပါတယ်။ ယခင်ကတော့ ၄၃၀၄ ဦး အိမ်ထောင်စုက ရ၄၈ စု ရှိတာပေါ့နော်။ တရားမဝင် ၀င်ရောက်နေထိုင်မျိုးကို မတွေ့ရပါဘူး” ဟု ဆိုသည်။
စစ်တွေမြို့ အောင်မင်္ဂလာ မူဆလင် ရပ်ကွက်တွင် ပြင်ပမှ တရားမဝင် ၀င်ရောက်နေထိုင်သူများ တိုးပွားနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ပြည်နယ် ၀န်ကြီးချုပ်အား ၎င်းရပ်ကွက်ရှိ လူဦးရေစာရင်းကို စစ်ဆေးရန် စစ်တွေမြို့ရှိ လူမှု အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။
လဝက တာဝန်ရှိသူများနှင့် နှစ်ဘက် လူမှု အသိုင်းမှ ခေါင်းဆောင်များဖြင့် အဆိုပါ ရပ်ကွက်အတွင်းရှိ လူဦးရေအား တစ်အိမ်တက်ဆင်း မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ စစ်ဆေးခဲ့သည်။
“ လူဦးရေ လျော့နည်းသွားတာက အဓိက တော့ စားဝတ်နေရေးကြောင့် ထွက်သွားကြတာပါ” ဟု ပြည်နယ် လဝကမှူးက ပြောသည်။
ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အမျိုးသားရေးလှုပ်ရှားသူ ဦးအောင်ဌေးက အောင်မင်္ဂလာ ရပ်ကွက်အတွင်း လူဝင် လူထွက်ကို မည်ကဲ့သို့ စစ်ဆေးပါသနည်းဟု မေးမြန်းရာ ရဲအမှတ် ၂ တပ်ရင်းမှူး စိုးမြင့်အောင်က “ကျွန်တော်တို့ လုံခြံုရေးတွေကတော့ သူတို့စျေးအသွားအလာနဲ့ အခြားကိစ္စတွေနဲ့ အသွားအလာတွေကို သေချာစွာ စစ်ဆေးပြီး မှတ်တမ်းတွေနဲ့ တကွ ပြုလုပ်ပါတယ်” ဟုရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ဦးအောင်ဌေးက တရားဝင်လက်မှတ်ဖြင့် မဟုတ်ဘဲ ဆိုင်ကယ်စက်ဘီးများဖြင့် သွားလာသူ များကိုလည်း အရေးယူဆောင်ရွက်သင့်ကြောင်း ဆက်လက်တင်ပြခဲ့ရာ ၄င်းကိစ္စနှင့် ပတ်သက်ပြီး အောင်မင်္ဂလာရပ်ကွက်မှ မူဆလင်ခေါင်းဆောင် ဦးရွှေလှက တရားမဝင် သွားလာသူမှုကို သူတို့ အနေဖြင့်လည်း လက်မခံနိုင်ကြောင်း၊ တွေ့ရှိပါက သက်ဆိုင်ရာမှ ဖမ်းဆီး အရေးယူစေလိုကြောင်း ပြောကြားသည်။
၎င်းပြင် ကိုအောင်ဌေးက ယခုလက်ရှိကောက်ယူရရှိထားသော လူဦးရေ ၃၉၃၃ ဖြစ်ပြီး ထိုအထဲတွင် အောင်မင်္ဂလာ အလကခွဲတွင် ကျောင်းသားအရေအတွက် ၁၀၀၀ ကျော် ရှိနေသဖြင့် ရပ်ကွက်တွင် ရှိနေသော လူဦးရေနှင့် ကျောင်းအချိုးမှာ မညီမမျှ ဖြစ်နေသဖြင့် ဆက်လက် ထောက်ပြမေးမြန်းရာ ပြည်နယ် ပညာရေး ဒုညွှန်မှူးက ယခုနှစ် ကျောင်းအပ်သောအခါ စာရင်း အတိအကျ သိရှိရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
၎င်းပြင် တာဝန် ရှိသူများက လူဦးရေ တိုးပွားလာသည်ဟု သံသယ ဖြစ်လာသည်မှာ ကျန်းမာရေးဌာနမှ မှတ်တမ်းများအရ ဖြစ်နိုင်ကြောင်း၊ ကျန်းမာရေးဌာန မှတ်တမ်းတွင် ဆေးကုသသူများ မူဆလင် တစ်ခုတည်း မဟုတ်ဘဲ ရခိုင်နှင့် ဟိန္ဒူများပါ ရောနှော ပါနေရာမှ လူဦးရေ များပြားနေခြင်း ဖြစ်နိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။
စစ်တွေမြို့မှ လူမှု အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဆရာ ဦးသန်းထွန်းကမူ ယခု လက်ရှိ ရှိပြီးသား စာရင်းတွင် နောက်ထပ် အဝေးရောက်နေသူ မိသားစုများဟု ဆိုကာ စာရင်းကို ထပ်တိုး၍ ရမည် မဟုတ်ကြောင်း၊ မွေးဖွားမှု အရ တိုးလာသော လူဦးရေမှာ အဆင်ပြေပါကြောင်း ပြောကြားသည်။







