ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်း စနစ်ကို ဖော်ဆောင်မည်

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်း စနစ်ကို ဖော်ဆောင်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ၀န်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်း စနစ်ကို စတင် ဖော်ဆောင်သွားတော့မည် ဖြစ်ကြောင်း စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ယနေ့ ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့ အခုလို ဆွေးနွေးပွဲလုပ်ရတာက ရဲတပ်ဖွဲ့ရဲ့ ၀န်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်း စနစ် ဖော်ဆောင်တဲ့ နေရာမှာ အစိုးရအဖွဲ့တွေရော၊ မြို့မိ မြို့ဖတွေ အပါအဝင် ပြည်သူတွေအားလုံး ပူးပေါင်း ပါဝင်စေလိုတဲ့ ရည်ရွယ်ချက် နဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ရဲလုပ်ငန်းကို အရင်က ထိန်းချုပ်မှုကနေ ဝန်ဆောင်မှုကို ကူးပြောင်းဖို့ ရည်ရွယ် လုပ်ဆောင်နေပါတယ်။ ဒီဝန်ဆောင်မှု စနစ်က ယဉ်ကျေးပြီး ဖြေလျော့ကာ ဥပဒေ အတိုင်း မှုခင်းဖက် မရောက်နိုင်အောင် ထိမ်းချုပ်ချင်တာပါ။ အခုလို ကူးပြောင်း ရတာကလည်း ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး တသားတည်း အနေအထားနဲ့ ပြစ်မှု လျော့ချအောင် လုပ်ဆောင်ချင်တဲ့ အတွက် ဖြစ်ပါတယ်” ဟု မြန်မာ နိုင်ငံရေကြောင်း ရဲတပ်ဖွဲ့မှူးချုပ် မြဝင်းက သတင်း ဌာနများသို့ ပြောသည်။

၎င်းပြင် ရဲတပ်ဖွဲ့ အနေဖြင့် ဝန်ဆောင်မှု စနစ်ကို ကူးပြောင်းနိုင်လျှင် မှုခင်းများ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် ရဲကိုမြင်လျှင် ယခင်ကကဲ့သို့ အကြောက်တရား မရှိဘဲ မိမိတို့နှင့် တစ်သားတည်း ရှိကြောင်း ခံယူပြီး ပူးပေါင်းဆောင်ရွက်ပါက မူခင်းများ လျော့ကျ သွားမည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့မှူးချုပ် မြဝင်းက ဆက်လက် ပြောကြားသည်။

IMG 1344

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးစိန်ဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထိန်းချုပ်မှုကနေ ဝန်ဆောင်မှုကို ကူးပြောင်းရာတွင် နိုင်ငံတော်မှ ပံ့ပိုးမှု အများကြီး လိုအပ်သလို ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုလည်း အများကြီး လိုအပ်ကြောင်း ပြောဆိုသည်။

၎င်းပြင် ရဲမှူးကြီး စိန်ဝင်းက “ကျွန်တော်တို့ က စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်း ကောင်းတွေကို နေရာပေးခန့်အပ်သွားမှာပါ။ ဒီလိုကူးပြောင်းတဲ့နေရာမှာ ဝန်ထမ်းကောင်းတွေရှိဖို့လိုပါတယ်။ ပြည်သူတွေက လာဘ်စားမှုတွေ၊ အဂတိ လိုက်စားမှုတွေရှိတယ် ဆိုပြီး တိုင်ကြား လာရင်တော့ စိစစ် အရေးယူသွားပါမယ်။ သတင်းအချက်အလက်တွေက အစ ပြည်သူတွေ ကူညီပူးပေါင်း ပါဝင် ကူညီပါမှ ဝန်ဆောင်မှုကို ကူးပြောင်းတာမြန်ဆန်မှာဖြစ်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယနေ့ ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှတို့လည်း တက်ရောက်ခဲ့သည်။

ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူကို ဗဟိုပြုသော ၀န်ဆောင်မှုကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးတွင် ပြည်သူများနှင့် အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ခေတ်မီ တိုးတက်သော ဝန်ဆောင်မှုမျိုး ကို ပြည်သူလူထု၏ လိုလားချက်များနှင့် အညီ ဖော်ဆောင်ကြ ရမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ် စနစ်နှင့် ဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်ဖို့ အားလုံး ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း အခမ်းအနားတွင် ပြောကြားသည်။

အခမ်းအနားသို့ မြို့နယ် အသီသီးမှ ရဲအရာရှိများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများ အပါအဝင် လူစုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...