ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေးအတွင် ခွင့်ပြုချက်တင်ခဲ့သူလည်း ဖြစ်၊ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သူ ကိုရာဇာမင်းအောင်က “ ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို ကျွန်တော်တို့ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို အစိုးရက အမြန်ဆုံး ဖော်ဆောင်ပေးဖို့နဲ့ သံသယနဲ့ ဖမ်းဆီးထောင်ချထားသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးရေးနဲ့ အပြစ်မဲ့ ပြည်သူတွေကို ပေါ်တာဆွဲတာတွေကို ရပ်တန့်ပေးဖို့ အတွက် တောင်းဆို ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောဆိုသည်။
စစ်ပွဲများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ပါက လောက်ကိုင်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကဲ့သို့ အခြေအနေများဆိုး ရွားနိုင်ကြောင်း ကိုရာဇာမင်းအောင်က ဆက်လက် ပြောကြားသည်။
စစ်တွေဆန္ဒပြပွဲဦးဆောင်သူ ရခိုင့်အလင်းတံခါးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော့စိန်ကလည်း“အခု ဗမာ အစိုးရ တပ်မတော်က ရက္ခိုင့် တပ်မတော်ကို ထိုးစစ်ဆင်နေတာကို ကျွန်မတို့က ရပ်တန့်ပေးစေချင်တယ်။ ရပ်တန့်ပေးစေချင်တယ်ဆိုတဲ့ အကြောင်းကလည်း အခု ဒီလို စစ်ပွဲတွေဖြစ်နေတယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ နယ်ဘက်တွေမှာဆိုရင် ရခိုင်သားတွေဟာ သိပ်ပြီး ဒုက္ခရောက်နေကြတယ်။ ဒုက္ခရောက်နေရတဲ့ အကြောင်းကလည်း ဗမာစစ်တပ်ကနေပြီးတော့ ရခိုင်ပြည်သူတွေကို အပြစ်မဲ့ပေါ်တာဆွဲတယ်။ နောက်ပြီးတော့ မတရားခိုင်းတယ်။ မတရားခိုင်းတဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေဟာ ထိတ်လန့်ပြီးတော့ ဘေးကင်းရာကို ရှောင်ပြေးနေကြရတယ် ”ဟု ပြောဆိုသည်။

ယခုကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများမှာ ကြားထဲက မြေဇာပင် ဖြစ်နေရသည့် အတွက် အစိုးရအနေဖြင့် ပြေလည်အောင်ဖြေရှင်းပေးသင့်သည်ဟုလည်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်ဌေးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့သည် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ တောင်တန်းများတဝိုက်တွင် ပြီးခဲ့သည့်ဧပြီလ ၁၆ ရက်နေ့မှစတင်ကာ ၂၂ ရက်နေ့အထိ အပြန်အလှန်တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲများကြောင့် အပြစ်မဲ့ ရခိုင်ပြည်သူ ထောင်ချီ စစ်ဘေးဒုက္ခသည်များအဖြစ် တိမ်းရှောင်နေကြရပြီး စားဝတ်နေရေးများလည်း အခက်ကြံု နေကြရသည်ဟု သိရသည်။
သောင်းနှင့်ချီ ရှိသော ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့ သမိုင်းဝင် ၀င်္ကဘာကွင်းတွင် နေ့လယ် ၁ နာရီ၌ စုဆုံခဲ့ကြပြီး ယင်းနေရာမှ စစ်တွေမြို့ လမ်းမများပေါ်တွင် ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
အလားတူ ဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်အပါအဝင် ရခိုင်ပြည်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံမြို့များတွင် ဧပြီ ၁ ရက် နေ့လယ် ၁ နာရီက တပြိုင်တည်းပြုလုပ်ခဲ့ကြသည်။







