ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သော မြို့များမှာ စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။
မြောက်ဦးမြို့ဦးခေါင်းဆရာတော် ၀ဏ္ဍသာရက “ ဦးဇင်းတို့က စစ်ပွဲတွေကို ရပ်တန့်ဖို့ အတွက် တောင်းဆို ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေရပ်တန့်ဖို့ဆိုရင် စစ်ပွဲတွေ ဘာကြောင့် ဖြစ်သလဲဆိုတာ အရင်ဆုံး လေ့လာဆန်းစစ်ရပါမယ်။ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဖြစ်ပွားတာဟာ ပြည်နယ်၊ ပြည်မ ကွာဟချက်ကြောင့် ဖြစ်ပါတယ်။ တန်းတူ အခွင့်အရေး မရလို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က တိုင်းရင်းခေါင်းဆောင်တွေနဲ့ စားပွဲဝိုင်းမှာ အတူထိုင်ပြီး တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို ဖြေရှင်းပေးမယ်ဆိုရင် စစ်ပွဲ ရပ်ဆိုင်းနိုင်မယ်လို့ ဦးဇင်းတို့ မြင်ပါတယ်” ဟု ဆိုသည်။
မြောက်ဦးမြို့တွင် ရှစ်သောင်းဘုရားတွင် စုဆုံကြပြီး လူပေါင်း ငါးထောင်နီးပါးခန့်ပါ၀င်ကာ မြို့ကို ပတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ပေါက်တောမြို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုဇော်မင်းဦးကလည်း “ကျွန်တော်တို့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါကြောင့်လည်း ခုလိုဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေရပ်တန့်ပေးဖို့၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရပ်တန့်ပေးဖို့ အရေးကြီး ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ လူဦးရေ ၄၀၀၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။ ဆရာတော်ဦးစန္ဒသီရိက ဟောပြောမှု ပြုလုပ်ခဲ့ပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။
ပေါက်တောမြို့ဆန္ဒဖော်ထုတ်ပွဲတွင် သက်ဆိုင်ရာမှ ရက္ခိုင့် တပ်မတော် (AA ) ဟု သုံးခွင့်မပြုဘဲ AA လက်နက်ကိုင် စကားလုံးကိုသာ သုံးခွင့်ပြုကြောင်း ကိုဇော်မင်းဦးက ဆက်လက်ပြောဆိုသည်။
ပေါက်တောမြို့နယ် စန္ဒာရာမကျောင်းတိုက်ဆရာတော် ဦးစန္ဒသီရိက “ဦးဇင်းတို့ ပြောချင်တာက အခုလို ရခိုင်ပြည်သူတွေ စစ်ပွဲရပ် တန့်ပေးဖို့ တောင်းဆိုတာကို ပြည်ထောင်စုအစိုးရအနေနဲ့ အလေးထား ဆောင်ရွက် ပေးဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို ဒီအတိုင်း ဖြေရှင်းလို့မရပါဘူး။ စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ဆွေးနွေး ဖြေရှင်းကြရမှာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
မင်းပြားမြို့ ဆန္ဒပြပွဲတွင်လည်း လူပေါင်း တစ်ထောင်ကျော်ခန့် ပါ၀င်ပြီး ဦးဆောင်သူ ဦးဘသိန်းက ” တိုက်ပွဲတွေ ရပ်တန့်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ရပ်တန့် ပေးဖို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး အရ ဖြေရှင်းဖို့ကိုတောင်းဆိုပါတယ်။ ယခင်အစိုးရသစ်လက်ထက်မှာ မဖေါ်ဆောင်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးကို အစိုးရသစ်လက်ထက်မှာ ပြည်သူတွေရဲ့ သဘောထားကို သိရှိပြီးတော့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ရသေ့တောင်မြို့ ဆန္ဒဖော်ထုတ်ပွဲတွင်လည်း လူပေါင်း ၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး ဦးဆောင်သူ ဦးလှမြင့်က “ စစ်ပွဲတွေ ရပ်တန့်ရေး၊ အတင်းအဓမ္မ စေခိုင်းမှု ရပ်တန့်ရေးတို့ အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရမှ ဟောပြောခဲ့ပါတ်။ ပြည်ထောင်စု အစိုးရသစ်် NLD အနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို မဖြေရှင်းပေးဘူးဆိုရင် ဒီထက်ကြီးကျယ်တဲ့ တောင်းဆိုမှုတွေ ဆက်လုပ်သွားပါမယ်။ လွတ်တော်ထဲထိရောက်အောင် တင်ပြ တောင်းဆိုသွားပါမယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ပုဏ္ဍားကျွန်းမြို့ ဆန္ဒပြပွဲတွင်လည်း လူပေါင်း ၃၀၀၀ ခန့် ပူးပေါင်းပါ၀င်ခဲ့ပြီး စစ်ပွဲများကို အမြန်ဆုံး ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည် ဟု ဒေသခံ ကိုမျိုးနိုင်က ပြောဆိုသည်။
ဆန္ဒပြပွဲတွင် တောင်းဆိုချက်များမှာ (၁) မြန်မာတပ်မတော်အနေဖြင့် ရက္ခိုင့် တပ်မတော် AA အပေါ် ထိုးစစ်ဆင်ကို ရပ်တန့်ရန်၊ (၂)ရက္ခိုင့် တပ်မတော်နှင့် ပြည်ထောင်စုအစိုးရအနေဖြင့်တွေ့ဆုံ ဆွေးနွေးရန် (၃) နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် (၄) AA နှင့်ဆက်စပ်မှု သံသယဖြင့် မတရား ဖမ်းဆီး ထောင်ချ ထားသူများကို ပြန်လွှတ်ပေးရန် (၅) မြန်မာ့စစ်တပ်မှ ပြည်သူများ အပေါ် လူအခွင့်အရေးချိုး ဖေါက်မှု ရပ်တန့်ရန်တို့ ဖြစ်ကြသည်ဟု သိရသည်။







