ကလေးမြို့နယ် အင်ဒိုင်းလေး ဘိလပ်မြေတူးဖော်ရေး အခြေအနေလေ့လာခြင်း

ကလေးမြို့နယ် အင်ဒိုင်းလေး ဘိလပ်မြေတူးဖော်ရေး အခြေအနေလေ့လာခြင်း
by -
ခိုနူမ်းထုန်
Sangte – မြန်မာနိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက်သည် တစ်နှစ်လျင် အနည်း ဆုံး တန်ချိန်ပေါင်း သန်း(၂၀၀) ခန့် ရှိသည် ဟု သိရပြီး ယင်း အတွက် နိုင်ငံခြားမှ တင်သွင်း လျက်ရှိ သည်။ သို့ သော် လည်း လုံလောက်မှု ရှိသည်ဟု မဆိုနိုင်ပေ။  မြန်မာနိုင်ငံတွင် ဘိလပ် မြေ ထုတ်လုပ်သည့်စက်ရုံ အနည်းဆုံး (၁၂) ရုံခန့်ရှိသည်။ ရန်ကုန်မြို့ရှိ မြိုင်ကလေးစက်ရုံသည် အကြီးဆုံး ဖြစ်ပြီး တစ်ရက်လျှင် တန်ချိန် (၉၀၀၀) ခန့်ထုတ်လုပ်လျက်ရှိသည်။

နိုင်ငံ နှင့် ပြည်သူများ ၏ တစ်နေ့ထက်တစ်နေ့ မြင့်မားလာသော လိုအပ်ချက်ကိုသိသော ကုမ္ပဏီများ ကလည်း အစိုးရ ခွင့်ပြုချက်ဖြင့် ဘိလပ်မြေ ကုန်ကြမ်းရရှိရန် အပြိုင်အဆိုင် တော တောင်များ ဖြိုချပြီး နယ်မြေ ချဲ့ထွင်လျက် ရှိကြသည်။

ကလေးမြို့ဘက် တွင်လည်း ကုမ္ပဏီနှစ်ခုမှ ဘိလပ်မြေ ကုန်ကြမ်းရရှိရန်အတွက် အင်ဒိုင်းလေး နှင့် အင်ဒိုင်းကြီးတို့ ဘက်တွင် တောင် များကို စမ်းသပ်လျက်ရှိသည်။ ဦးသိန်းထွန်းပိုင်ဆိုင်သော ထွန်းသွင် ကုမ္ပဏီက အင်းဒိုင်းလေး ကျေးရွာဘက်တွင် သတ္တုဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဘိလပ်မြေကုန်ကြမ်း ရှာဖွေ တူးဖော်ရေး လုပ်ငန်းကို လုပ်ဆောင်နေသည်မှာ (၂)လခန့်ရှိနေပြီ ဟုသိရသည်။

“ကျွန်တော်တို့က စမ်းသပ် ကာလ (၁)နှစ်ရပါတယ်၊ ခုဆိုရင် (၆) ကျင်းတူးဖို့ (၃)ကျင်းပြီးစီးခဲ့ပြီး၊ ကျင်း တွေက ပေ ၃၀၊ ၅၀ နဲ့ ရ၀ လောက်အထိ နက်ပါတယ်၊ အဲဒီအောက်မှာတော့ ကျောက်မာတွေဘဲရှိတယ်၊ ကျန်တဲ့ ကျင်းတွေတော့ ဘယ်လိုလာမလဲ မသိဘူး။ သထုံဘက်မှာလည်း (၁၀) ကျင်းတူးဖို့ (၅) ကျင်းတူးခဲ့ပြီ။ ဒီနှစ် မှာတော့ အခက်အခဲနဲ့ စတင် ရင်ဆိုင် နေရပြီဆိုတော့ လုပ်ငန်း ရပ်ဆိုင်းရတော့မယ်။ ပွင့်လင်းရာသီရောက်မှ ပြန် လည်လုပ်ဆောင်နိုင်မယ် ထင်တယ်။ ပြီးတော့ တူးတဲ့စက်သံပိုက်ခေါင်းတွေ ကျိုးပဲ့တော့ လုပ်ငန်းက မတွင်တော့ဘူး” ဟု ထွန်းသွင်ကုမ္ပဏီမှ ဆိုက်တာဝန်ခံ ဦးချို က ပြောသည်။

တူးဖော်ရေးနှင့် ပတ်သက်ပြီး ဦးချိုက “အစိုးရနဲ့ သဘောတူညီမှုအရ ခုကုန်ကျစရိတ်ကတော့ ကုမ္ပဏီကပဲ အားလုံး ကျခံပါတယ်။ နောက်ရလာမယ့် အမြတ်ကတော့ ကုမ္ပဏီ က ၆၀%၊ အစိုးရဘက်က ၄၀% နဲ့ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာပေါ့။ အရင်အစိုးရ ပေါလီစီကတော့ ကုမ္ပဏီ ကရရှိတယ်။ အခုတော့ အဲဒီမူကမရှိတော့ဘူး ခုတူးဖော်တဲ့ မြေနမူနာတွေကို နေပြည်တော် မှာရှိတဲ့ သတ္တုဝန်ကြီးဌာနက အရင် စမ်းသပ်မယ်။ အောင်မယ် မအောင်ဘူး ဆိုတာတော့ ပြောလို့မရသေးဘူးပေါ့ နော်။ ကျွန်တော်တို့ စက်ကလည်း ဒီထက်နက်တဲ့ကျင်းတွေတူးဖို့ မခိုင် တော့ဘူး။ သူများစက် ငှားမယ်ဆိုရင် ၁ မီတာ အနက်မှာ တစ်သိန်း ပေးရမယ်။ မီတာ ၂၀၀ မှာဆိုရင် ကျပ်သိန်း ၂၀၀ လောက် ရှိတယ်၊ အလုပ်သမားက ပုံမှန် ၁၀ ယောက် လောက်ရှိတယ် ဆိုတော့ ကုန်ကျတာလည်း တော်တော်လေးများပြီ” ဟု ဆိုသည်။

ဒေသခံတစ်ဦး ကိုကျော်မင်း အေးကလည်း “ဒေသခံပြည်သူတွေနဲ့ မြေနေရာမှာတော့ ဘာမှ အငြင်းပွားမှုမှ မရှိပါဘူး။ အစိုးရ မြေနေရာတွေဆိုတော့ ပြည်သူ့ဘက်က ပြောပိုင်ခွင့်မရှိဘူး။ Company ဘက်ကလည်း အင်ဒိုင်းလေးနဲ့ အင်ဒိုင်းကြီး ပညာရေး၊ ကျန်း မာရေးနဲ့ ဒေသတိုးတက်ဖွံ့ဖြိုးရေး ကဏ္ဍမှ နာရေးကားတစ်စီးစီ ဝယ်ပေးတယ်၊ အင်ဒိုင်းကြီးအတွက် မီးသဂြိုလ် စက်နဲ့ မြို့ဝင်၊ ရွာအဝင် ဆိုင်းဘုတ် လုပ်ပေးမယ်။ အားလုံးပေါင်း ကျပ် သိန်း (၄၀၀) လောက်တော့ သူတို့ ကုန်မယ်ထင်တယ်” ဟု Khonumthung News ကိုပြောပြသည်။

ကုမ္ပဏီမှ အကောင် အထည် ဖော်မည့် စက်ရုံနှင့်ပတ်သက်ပြီး ဦးချို က “ဘိလပ်မြေစက်ရုံ (အသေးစား) ထောင်ဖို့အတွက် အနည်းဆုံး US ဒေါ်လာ သိန်း ၅၀၀ လိုပါတယ်။ နည်း ပညာသုံးဖို့လည်း လိုတယ်၊ ပြီးတော့ ဘိလပ်မြေ ထုတ်လုပ်ဖို့ တခြား ကုန်ကြမ်းတွေလည်း သယ်ယူရမယ်ဆိုတော့ စက်ရုံ ထောင်ဖြစ်မလားဆိုတာ ပြောဖို့ခက်တယ်” ဟုဆိုသည်။

ဒီလိုဆိုရင် ဒေသခံပြည်သူ များ၏ အနာဂတ်အိမ်မက်ဖြစ်သော အစိုးရ နှင့် ကုမ္ပဏီများ အကူအညီဖြင့် လမ်းဖောက်လုပ်ရေး၊ အလုပ်ပေါ ကြွယ်ဝရေးတို့သည် နီးသထက် နီးလာသလား၊ ဝေးသထက်ဝေးသွား မလားဆိုသည်မှာ စောင့်ကြည့် ရဦးမည်ဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...