ကျီခါး-ပလက်ဝ အဝေးပြေးလမ်းမကြီးဖောက်လုပ်ရေး ပထမဦးစားပေးဆောင်ရွက်မည်

ကျီခါး-ပလက်ဝ အဝေးပြေးလမ်းမကြီးဖောက်လုပ်ရေး ပထမဦးစားပေးဆောင်ရွက်မည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်အစိုးရသစ်အနေဖြင့် ချင်းပြည်နယ်မြောက်မှ တောင်ပိုင်းဒေသသို့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်မည့် ကျီခါး – ပလက်ဝမြို့အကြား အဝေပြေးလမ်းမကြီး(High way) ကို ပထမဦးစားပေးတည်ဆောက် သွားရန် စီစဉ်ထားကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။

“လက်ရှိ ချင်းပြည်နယ်အတွင်းမှာ Highway လမ်း မရှိသေးဘူး၊ ဆိုတော့ ကျနော်တို့ပြည်နယ် ၀န်ကြီးများနဲ့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ပထမဦးဆုံး ကျီခါး-ပလက်ဝ အကြားမှာ Highway လမ်းဖောက်လုပ် ဖို့့ဆွေးနွေး ထားတာ ရှိပါတယ်၊ အဲဒီလမ်းမှတဆင့် ကျေးရွာချင်းဆက်လမ်းကိုလည်းဆက်လက်ဆောင်ရွက် သွားမယ်” ဟု ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။

အဆိုပါလမ်းကြောင်းမှတဆင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ချိတ်ဆက် နိုင်မည့် လမ်းကြောင်းကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဟု၎င်းကဆိုသည်။

ချင်းပြည်နယ် ကျီခါးမြို့နယ်(ခွဲ)သည် ချင်းပြည်နယ်၏ မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိပြီး ပလက်ဝမြို့နယ်သည် တောင်ဘက်အစွန်ဆုံးတွင်တည်ရှိသည်။ အကွားအဝေးအားဖြင့် မိုင်ပေါင်း ၄၀၀ ခန့် ရှည်လျားသည်ဟု သိရသည်။

ယခုကဲ့သို့ ကျီခါး – ပလက်ဝ လမ်းမကြီးဖောက်လုပ်ရေးအစီအစဉ်သည် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူနေမှုဘဝစီးပွားမြှင့်တင်ရေးအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုနှင့် ကုန်သွယ်မှုပိုမိုတိုး တက် စေရေးတို့ အတွက် ရည်ရွယ်လျာ ထားခြင်းလည်း ဖြစ်သည်။

လက်ရှိ ချင်းပြည်နယ်၏လမ်းအခြေအနေနှင့်ပတ်သတ်၍ ၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် အဆင့်မြှင့်တင်သည့်လမ်းနှင့် အသစ်ဖော်လုပ်သည့်လမ်း စုစုပေါင်း မိုင် ၁၀၀၀ ခန့်ရှိသည်ဟု ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဟောင်း ဦးရမ်မန်းက ပြောသည်။

“ အတိအကျတော့ ကျနော်မသိဘူး၊ ကျနော်တို့ မြှင့်တင်တဲ့လမ်းနဲ့ အသစ်ဖော်ပြီးတဲ့လမ်းတွေ အားလုံးပေါင်း လိုက်ရင် မိုင် ၁၀၀၀ ကျော်ပါတယ်၊ ဥပမာအားဖြင့် ကန်ပလက်မှာ ကားလမ်းမရှိသေးတာ အခုငါးနှစ်တွင်းမှာ မိုင်နှစ် ရာကျော် လာတယ်၊လုံးဝမရှိသေးတဲ့ လမ်းအသစ်ဖော်ပြီးတာ မိုင် ၄၀၀ကျော်ပါတယ်’’ ဟုဦးရမ်မန်းက ပြောသည်။

ချင်းပြည်နယ်အတွင်းလမ်းတည်ဆောက်ရေးစီမံကိန်း၏ အဆိုပြုချက်အရ ၂၀၁၆-၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ကားလမ်းဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် လျာထားကြောင်း ယခင် အစိုးရအဖွဲ့၏ အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

မီဇိုရမ်းပြည်နယ် ၀န်ကြီးချူပ် ပူးလာလ်ထန်ဟောလ်လာကလည်း ချင်းပြည်နယ်၏ ကားလမ်းများဖောက်လုပ် ရေးအတွက် အိန္ဒိယအစိုးရက ငွေကြေးထောက်ပံ့ရန်အစီစဉ်ရှိသည်ဟု ဧပြီလ ၆-၈ ရက်နေ့က ကလေးမြို့သို့ ရောက် လာစဉ်ပြော ဆိုခဲ့သည်။

“ချင်းပြည်နယ်ဖက် လမ်းဖောက်လုပ်ရေးအတွက်အိန္ဒိယဗဟိုအစိုးရမှ ရူပီး ကုဋေ နှစ်ထောင် ကျော် မြန်မာအစိုးရကို ထောက်ပံ့ပေးဖို့ရှိတယ်” ဟု မီဇိုရမ်းဝန်ကြီးချူပ်ကပြောသည်။

ယခု တက်လာသည့်အစိုးရအနေဖြင့် ဦးစားပေးတည်ဆောက်မည့် ကျီခါး – ပလက်ဝ အဝေးပြေးလမ်းကိစ္စနှင့် ပတ်သတ်၍ မကြာသေးခင်ရက်ပိုင်းကလည်း ဟားခါးမြို့တွင် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကြောင်းသည် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံမှ အကျိူးတူပူးပေါင်း အကောင်အထည် ဖော်လျက်ရှိသော ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ ဆက်သွယ်ရေး လမ်းတစ်ခုဖြစ်သော ပလက်ဝ-မြိတ်ဝ လမ်းကြောင်းကို တိုက်ရိုက်ချိတ်ဆက်နိုင်ရန်လည်း အလားအလာများစွာရှိသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...