ရခိုင်ပြည်ဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းကိုကျော်လွှားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ကျမ်းကျိန်နေ့တွင် ရခိုင်ဝန်ကြီးချုပ်သစ် ဦးညီပု ပြောကြား

ရခိုင်ပြည်ဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းကိုကျော်လွှားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ကျမ်းကျိန်နေ့တွင် ရခိုင်ဝန်ကြီးချုပ်သစ် ဦးညီပု ပြောကြား
by -
နိရဥ္စရာ
NLD အစိုးရသစ်လက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ NLD ပါတီမှ ဦးညီပုသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်တော့မည်ဖြစ်ကြောင်းကို ဧပြီ ၁ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်သည်။

ယင်းနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်း အဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကျိန်ဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုသည် ကျမ်းသစ္စာကျိန်ဆိုပြီးသည်နှင့် ပြည်နယ်လွှတ်တော်တွင် ပထမဆုံးမိန့်ခွန်းပြောကြားရာ၌ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနိမ့်ကျနေမှုကိုကျော်လွှားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြောကြားသွားခဲ့သည်။

“ကျွန်တော်ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနိမ့်ကျနေသော အခြေအနေမှ အမြန်ဆုံးကျော်လွှား လွတ်မြောက်နိုင်စေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖွဲ့စည်းပုံတစ်ရပ်ပေါ်ပေါက်စေရေးနှင့် စစ်မှန်ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံဖြစ်ပေါ်စေရေးတို့နှင့်အတူ ရခိုင်ပြည်သူ/သားများ၏ လူနေမှုဘဝ လုံခြံုစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ယင်းအပြင် ပြည်သူ/သားများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ပေးဆပ် လုပ်ဆောင်သွားမည်ဟုလည်း ဝန်ကြီးချုပ် ဦးညီပုက ဆက်လက်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၏ ပြည်နယ်ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ ဦးညီပုအနေဖြင့် ရခိုင်ပြည်နယ်၏စိန်ခေါ်မှုများအပေါ် ကျော်လွှားနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည်ဟု တောင်ကုတ်မြို့ လူမှုရေး ဆောင်ရွက်နေသူ  ကိုဇေယျကျော်က သူ့အမြင်ကို ပြောသည်။

“အဲဒီစိန်ခေါ်မှုဟာလည်း တစ်ပိုင်းရှိတဲ့အပြင် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်ပြည်နယ်ကနိုင်တဲ့ လွှတ်တော်အမတ်တွေနဲ့  သဟာဇာတဖြစ်ဖို့ကိုလည်း သူ့အနေနဲ့ အခုလို အခြေအနေတွေကြားထဲမှာ သူ့အနေနဲ့ လိမ္မာပါးနပ်စွာကျော်လွှားရမယ့်အပိုင်းတွေရှိ တယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်”ဟု ကိုဇေယျကျော်က ဆိုသည်။

ဦးညီပုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်နယ်လွှတ်တော်သို့ မတ်လ ၂၈ ရက်နေ့တွင် အမည်စာရင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ဦးညီပုအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်က မတ်လ ၃ဝ ရက်နေ့တွင် အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ(ANP)မှ လွှတ်တော်ကိုယ်စားလှယ်ကိုသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပေးရန် ရခိုင်အမျိုးသားပါတီနှင့် ရခိုင်တိုင်းရင်းသားအများစုတောင်းဆိုနေကြားထဲမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဂွမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ယခုကဲ့သို့ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါ် ရခိုင်ပြည်နယ်တွင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

၂ဝ၁ဝ အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဦးလှမောင်တင်၊ တပ်မတော်မှ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမြအောင်တို့သည် ပြည်နယ် ဝန်ကြီးချုပ်များအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...