ဦးဆောင် လူပ်ရှားရာတွင် ပါ၀င်သူက ကိုကျော်ဝင်းက “ မြန်မာပြည်မှာ သမ္မတကို အနိုင်ရတဲ့ NLD ကခန့်အပ်ရင် ရခိုင်ပြည်နယ်မှာလည်း အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ ANP က ခန့်အပ်ရမှာပေါ့။ ဒီဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီက ခန့်အပ်ခွင့်ရရေး အတွက် တောင်းဆို ဆန္ဒပြရတာပါ” ဟု ပြောကြားသည်။
ဆန္ဒပြသူ လူပေါင်း တစ်ထောင်ကျော်သည် မွန်းလွဲ ၂ နာရီမှ စတင်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုယ်စီကိုင်ဆောင်ကာ လမ်းမများပေါ် ချီတက်ခဲ့ကြပြီး ရခိုင်ပြည်နယ် ANP က ဖွဲ့စည်းခွင့်ရရေး၊ ပြည်နယ် ၀န်ကြီးချုပ်ကို ANP ခန့်အပ်ရေး၊ တန်းတူ အခွင့်အရေး ရရှိရေး၊ ပြည်သူများ၏ ဆန္ဒကို လေးစားရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
“ ကျွန်မတို့ တောင်းဆိုတာက ပြည်နယ် အစိုးရကို ရခိုင်ပြည်နယ်မှာ အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီကဘဲ ဦးဆောင် ဖွဲ့စည်းစေချင်တယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကိုလည်း ဒီပါတီကပဲ ခန့်အပ်စေချင်တယ်။ ရခိုင်ပြည်သူလူထု ဆန္ဒက ဒီအတိုင်းဘဲ ရှိနေတယ်။ ဒီအတွက် ကျွန်မတို့က ပြည်သူ့ ဆန္ဒနဲ့ အညီ တောင်းဆိုကြတာ ဖြစ်ပါတယ်” ဟု အမျိုးသမီးခေါင်းဆောင် ဒေါ်ကျော့စိန်က နိရဥ္စရာသို့ ပြောကြားသည်။

ဆန္ဒပြသူများကိုင်ဆောင်လာသည့် ပေါ်စတာ အချို့မှာ ထူးခြားမှု ရှိနေပြီး ယင်းပေါ်စတာများမှာ “ ရခိုင်ပြည်သည် ကိုလိုနီနယ် မဟုတ်”၊ “ ဘုရင်ခံ စနစ် အလိုမရှိ” စသည့် ပေါ်စတာများ ဖြစ်ကြသည်။
ယခု ဆန္ဒပြမှုမှာ ANP ပါတီနှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း၊ ပြည်သူ လူထု အနေဖြင့် သူတို့၏ ဆန္ဒသဘောထားကို ထုတ်ဖော်ခြင်းသာ ဖြစ်ကြောင်း၊ သို့သော် ဆန္ဒပြသူများသည် ANP က ထုတ်ပြန်ထားသော ကြေငြာချက် (၁/၂၀၁၆) နှင့် (၁/၂၀၁၆) ကို ထောက်ခံ၍ ယခု ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်သည်ဟု သုံးသပ်မိကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး သူ့အမြင်ကို ပြောသည်။
ဆန္ဒပြသူများသည် မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ ၀င်္ကဘာကွင်းတွင် စုဆုံကြပြီး ယင်းမှ တဆင့် ကုန်သည်လမ်း၊ လမ်းမကြီးအတိုင်း ချီတက်ကာ သူတို့၏ လိုလားချက်များကို တောင်းဆိုခဲ့ကြပြီး မွန်းလွဲ ၃ နာရီတွင် လမ်းလျှောက် ချီတက် တောင်းဆိုပွဲကို အောင်မြင်စွာ ရပ်နားလိုက်သည်ဟု သိရသည်။







