၎င်းအမိန့်အား ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်မှ လက်မှတ်ရေထိုး ထုတ်ပြန်သဖြင့် ဦးတင်အောင်အား နိရဥ္စရာက ဆက်သွယ် မေးမြန်းရာ သူက “ ဟုတ်ပါတယ်။ မတ်လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးဖို့ အမိန့်ထုတ်ထားပါတယ်။ အထက်က ညွှန်ကြားချက်အရ ဖြစ်ပါတယ်။ ညွှန်ကြားချက်ဆိုတာက မြို့နယ် အုပ်ချုပ်ရေးမှူး ဆီက ညွှန်ကြားချက် ဖြစ်ပါတယ်” ဟု ပြောသည်။
မာန်အောင်မြို့ စမုံတဲ လေယာဉ်ကွင်း တိုးချဲ့ရန်အတွက် စမုံတဲကျေးရွာအုပ်စု၊ မြတ်မချောင် ကျေးရွာရှိ အိမ် ၁၁ လုံးကို ရွှေ့ပြောင်းရန် သက်ဆိုင်ရာက အမိန့်ထုတ်ထားခဲ့သည်ဟု ဆိုသည်။
ထိုသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ရာတွင် အိမ်ရှစ်ဆောင်က အာဏာပိုင်များက ပေးသော လျော်ကြေးငွေများကို သဘောတူ လက်ခံပြီး ရွှေ့ပြောင်းခဲ့ကြသော်လည်း ကျန် သုံးအိမ်သုံးဆောင်မှာ လျော်ကြေးငွေ ပမာဏ နည်းပါးသည်ဟု ဆိုကာ ပြောင်းရွှေ့ရန် ငြင်းဆိုရာမှ အာဏာပိုင်များက ၎င်းမြေများမှာ လယ်မြေများ ဖြစ်သည်ဟု ဆိုကာ ထပ်မံအမိန့်ထုတ်ပြီး ဖယ်ရှားရန် စီစဉ်လာခြင်း ဖြစ်သည်။
ဧရိယာ (၀.၄၁) ဧက ပိုင်ရှင် ဦးတင်နုက သူတို့ ပြောင်းရွှေ့ရန် ငြင်းဆိုခြင်းမှာ ယခင် လျော်ကြေးပေးမည်ဟု ကတိကို ဖေါက်ဖျက်ပြီး လျော်ကြေးကို လျှော့ ပေးရာမှ လက်ခံရန် ငြင်းဆိုခြင်း ဖြစ်ကြောင်း ဦးတင်နုက ပြောသည်။
“ ကျွန်တော်တို့နေတာက လယ်မဟုတ်ပါဘူး။ ဥယာဉ်ခြံမြေ ဖြစ်ပါတယ်။ ပုံစံ(၇) မှာလည်း ဥယာဉ်ခြံမြေလို့ ရေထားပါတယ်။ ဘိုးဘောင်စဉ်ဆက် နေလာတာ နှစ်ပေါင်း ၁၅၀ ရှိပါပြီ။ ကျွန်တော့်ခြံမှာ သံပုရာ၊ မညင်း(ဒညင်း)ပင်၊ သရက် မာလာကာ အစုံရှိပါတယ်။ ကွမ်းသီးပင်က ၄၃၀ ရှိပါတယ်။ အုန်းပင်က ၂၂ ရှိပါတယ်။ အားလုံး အပင်စုံက ရ၃၀ ရှိပါတယ်။ အစကတော့ အပင်လိုက် လျော်မယ်ဆိုပြီး နောက်ကျတော့ ပင်ကျပ်သိန်း ၈၂ ပေးမယ်ဆိုပြီး ဖြစ်လာပါတယ်။ ကျွန်တော်တို့က တန်ရာတန်ဖိုး သိန်း ၃၀၀ ကျော်လောက် လိုချင်ပါတယ်”ဟု ဦးတင်နုကဆိုသည်။
ပထမပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ သံပုရာ တစ်ပင် နှစ်သောင်းခွဲ၊ သရက်တစ်ပင် နှစ်သောင်း၊ မညင်းတစ်ပင် လေးသောင်းခွဲ စသဖြင့် ကျော်ကြေးပေးမည် ဟု ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းလျော်ကြေးပေးမည့် အစီအစဉ်ကို ဖျက်ပြီး သိန်း ၈၂ သိန်းသာ လျော်တော့မည်ဟု ပြောဆိုသည်ဟု ဆိုသည်။
၎င်းပြင် လျော်ကြေးရမည့် ကျပ် ၈၂ သိန်းမှာ အိမ်မြေ တစ်ကွက်ကို ပြန်ဝယ်၍တောင် မရပါကြောင်း၊ ၎င်းပြင် နှစ်ပေါင်းရာချီ စိုက်ပျိုးထားသော ဥယာဉ်ခြံမြေရှိ သီးပင်၊ စားပင်များကိုလည်း လက်လွတ်ဆုံးရှုံးရတော့မည် ဖြစ်၍ ၀င်ငွေ မရှိဘဲ ဖြစ်တော့မည် ဖြစ်ရာ ကျပ် ၈၂ သိန်းဖြင့် မိသားစုများ ရပ်တည် နေထိုင်စားသောက်ရေးမှာ လုံးဝ မဖြစ်နိုင်၍ တန်ရာတန်ကြေးကို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးတင်နုက ပြောဆိုသည်။
အိမ်တန်ရာ တန်ဖိုးကို ရရှိလိုသော ဦးတင်နု ကို မတ်လ ၂၇ ရက်နေ့ နောက်ဆုံး ဖယ်ပေးရန်လည်းကောင်း၊ တစ်ခြားနှစ်ဦးဖြစ်သည့် ဦးဖြူသီးခိုင်၊ ဦးတာနီ တို့ကို မတ်လ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး အိမ်နေရာမှ ဖယ်ရှားပေးရန် အမိန့်စာ ရောက်ရှိနေသည်ဟု သိရသည်။








