ချင်းပြည်နယ်အတွင်း သဘာဝသယံဇာတ စူးစမ်းလေ့လာဖို့ နိုင်ငံခြားကုမ္ပဏီ ၂ ခုမှ ကမ်းလှမ်းထား

ချင်းပြည်နယ်အတွင်း သဘာဝသယံဇာတ စူးစမ်းလေ့လာဖို့ နိုင်ငံခြားကုမ္ပဏီ ၂ ခုမှ ကမ်းလှမ်းထား
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများ စူးစမ်းလေ့လာရန် သြစတေးလျ နှင့် အိန္ဒိယ ကုမ္ပဏီတို့မှ ပြည်ထောင်စု အစိုးရ သစ်တော နှင့် သတ္တုဝန်ကြီးဌာနသို့ ကမ်းလှမ်းထားသည်ဟု သိရသည်။

သြစတေးလျကုမ္ပဏီတစ်ခုဖြစ်သော First Light Mandalay Mining & Metals နှင့် အိန္ဒိယကုမ္ပဏီ Balasore Alloys တို့ သည် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ မင်းတပ် နှင့်ကန်ပက်လက်မြို့နယ်များတွင် သတ္တုများစမ်းသပ်တူးဖော်ရန် ပြည် ထောင်စုအစိုးရထံ လျှောက်ထားခြင်းဖြစ်သည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ ချင်းပြည်နယ်အစိုးရထံ (စမ်းသပ်ခွင့်ကာလ)ကို ခွင့်ပြုသင့်မပြုသင့် သဘောထားမှတ်ချက်တောင်းခံလာပြီး အထက်ပါကုမ္ပဏီများမှ အဆိုပြုထားသော နေရာဒေသများအား ကွင်းဆင်လေ့လာချက်အရ Balasore Alloys ကို ခွင့်ပြုသင့်သည်ဟု သဘောထားမှတ်ချက်ပေးလိုက်ကြောင်း ချင်းပြည်နယ် သစ်တောဝန် ကြီးဦးကျော်ငြိမ်းကပြောသည်။

 “ ကွင်းဆင်းအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ Balasore ကုမ္ပဏီကို ကန့်ကွက်ရန်မရှိဆိုပြီး တင်လိုက်တယ်၊ First Light ကုမ္ပဏီကျတော့ သစ်တောကြိုးဝင်းအတွင်း လုံးလုံးလျားလျား ကျနေတယ်၊ နောက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကပစ ဆေးရုံဆောက်မယ့်ဧရိယာဝန်းထဲကျလို့ ခွင့်မပြုသင့်ဘူးဆိုပြီး ပြည်ထောင်စု အစိုးရကို သဘောထားမှတ်ချက်ပေးပါတယ်’’ ဟု ဦးကျော်ငြိမ်းကပြောသည်။

 အိန္ဒိယ ကုမ္ပဏီသည် ချင်းပြည်နယ်အထက်ပိုင်း တွန်းဇံ နှင့် တီးတိန်မြို့နယ်တွင် ခရိုမိုက် စမ်းသပ်ရှာဖွေရန် လျှောက်ထား ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရမှ စမ်းသပ်ကာလခွင့်ပြုပြီဆိုပါက ရှာဖွေရေးလုပ်ငန်းကိုစတင်မှာဖြစ်သည်။

 “ ပြည်ထောင်စုဘက်က စမ်းသပ်ကာလကို ဘယ်နှစ်လခွင့်ပြုတယ်ဆိုပြီး ပေးပါလိမ့်မယ်၊ အဲဒါစမ်းသပ်ကာလပေါ့။ ထုတ်လုပ်မှုအဆင့် လုပ်မယ်ဆိုရင်တော့ လူထုကို ချပြမှာပါ၊ အကျိုးမြတ်ဘယ်လောက်ရှိမယ် ဒီနေရာမှာဘယ်လောက်ရမယ် ဆိုတာ သူတို့ဥပဒေအရ လုပ်ပါလိမ့်မယ်’’ ဟု ၀န်ကြီးဦးကျော်ငြိမ်းကပြောသည်။

 ယခုကိစ္စနှင့်ပတ်သက်ပြီး အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသော ချင်းအမျိူးသားတပ်ဦး CNF ကတော့ ချင်းပြည်နယ်အတွင်းရှိ သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းများကို အလျင်စလို အကောင်အထည်မဖော်စေလိုကြောင်း ပြောဆိုသည်။

 CNF နိုင်ငံခြားရေးရာအတွင်းရေးမှူး ပေါလ်စီထားက “ အခုစပ်ကူးမတ်ကူးကာလ ငြိမ်းချမ်းဖြစ်စဉ်မှာ ဒါတွေ အကောင်ထည်ဖော်ရမှာထက် အစိုးရသစ်လက်ထက်မှာဘဲ ဒေသခံလူထုနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်အကောင်ထောင်ထည် ဖော်သင့်တယ်’’ ဟု ပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...