ဖမ်းဆီးခံထားရသည့် ကျောက်ဖြူ ကျေးလက် ဒေသဖွံ့ဖြိုးရေး ဥက္ကဋ္ဌနှင့် အဖွဲ့ကို ရုံးထုတ်လာစဉ် ဒေသခံလူထု ပန်းကုံးစွပ်၍ နုတ်ဆက် ကြိုဆို

ဖမ်းဆီးခံထားရသည့် ကျောက်ဖြူ ကျေးလက် ဒေသဖွံ့ဖြိုးရေး ဥက္ကဋ္ဌနှင့် အဖွဲ့ကို ရုံးထုတ်လာစဉ် ဒေသခံလူထု ပန်းကုံးစွပ်၍ နုတ်ဆက် ကြိုဆို
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီး ခံထား ရသည့် ကျောက်ဖြူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ကို ကျောက်ဖြူမြို့နယ် တရားရုံးသို့ ရုံးထုတ် လာစဉ် ကျောက်ဖြူဒေသခံများက ပန်းကုံးများ စွပ်ပြီး ကြိုဆို နှုတ်ခွန်း ဆက်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

“ ဒီလို မြင်ကွင်းမျိုးက ကျွန်တော်တစ်သက်မှာ ဒီတစ်ကြိမ် တွေ့ဖူးတာပါ။ အစိုးရက ဖမ်းဆီးထားတဲ့ သူတွေကို ရဲအစောင့်အရှောက်နဲ့ တရားရုံးကို ယူလာတဲ့အခါ လူအုပ်ကြီးက မကြောက်မရွံ့ ပန်းကုံးတွေ စွပ်ပြီး ကြိုဆိုတယ်ဆိုတာ တကယ်ကို ထူးခြားတဲ့ ဖြစ်စဉ်ပါဘဲ။ ကျွန်တော်အထူး အံ့သြမိပါတယ်” ဟု ကျောက်ဖြူဒေသခံ မောင်မြင့်ကျော်က ပြောသည်။

ယနေ့ (မတ်လ ၂၁ ရက်နေ့) ဖမ်းဆီးခံထားရသော ကျောက်ဖြူကျေး လက်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်အေး အပါအဝင် လူသုံးဦးကို ကျောက်ဖြူမြို့နယ် တရားရုံးတွင် တတိယ အကြိမ် ရုံးထုတ်လာစဉ် သူတို့အား လေးစားချစ်မြတ်နိုးသူ (၁၆၀) ခန့်က ပန်းကုံးများစွပ်ကာ ကြိုဆို နုတ်ဆက်ခဲ့ကြသည်။

တတိယအကြိမ်မြောက်ရုံးချိန်တွင် စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့မှ တရားလိုပြသက်သေ ဗိုလ်ကြီးတင်အောင် ကိုစစ်ဆေးခဲ့ကြောင်း သူတို့ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတစ် ဦးဖြစ်သူ ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

Mg Aye by NN

“ ဦးမောင်အေးတို့ သုံးဦးကိုတော့ မစစ်ဆေးသေးဘူး။ စရဖ က တရားလိုပြသက်သေ ဗိုလ်ကြီး တင်အောင်ကို ဒီနေ့ စစ်ဆေးတယ်။ ရက္ခိုင့်တပ်မတော်(AA) နဲ့ ဆက်သွယ် လုပ်တယ်ဆိုပြီး တရားလိုပြသက်သေ က ထွက်ဆို သွားတယ်“ဟု ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

နောက်ထပ် စစ်ဆေးရန် သက်သေ လေးဦးကျန်ရှိနေသေးကြောင်း၊ ဧပြီလ(၁)ရက်နေ့ကို ထပ်မံ ချိန်းဆို လိုက်ကြောင်း ဒေါ်ကြည်ကြည်နှင်းက ဆက်လက်ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်မတော်(AA)နှင့်ဆက်သွယ်သည်ဟု စွပ်စွဲ ဖမ်းဆီးခံရသူ သုံးဦးမှာ ဦးမောင်အေး (လိပ်ခမော်ကျေးရွာ- ကျောက်ဖြူမြို့နယ်)၊ ဦးထွန်းသာဖြူ (ယင်ရဲကန်ကျေးရွာ -ပေါက်တောမြို့နယ်) နှင့် ဦးဇော်ဝင်းမောင် ( ကုလားချောင်းကျေးရွာ- ပုဏ္ဍားကျွန်းမြို့နယ်) ဖြစ်ကြပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူ းမိုးဇော်သူ က တရားလိုလုပ်ပြီး မတရားအသင်းအက်ဥပဒေ ၁၇(၁)/(၂)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

၎င်းတို့သုံးဦး စလုံးကို ဇန်နဝါရီလ(၂၁)ရက်နေ့က ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ ဦးမောင်အေး၏နေအိမ်တွင် စစ်ဘက်ရေးရာ လုံခြံုရေးတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...