အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်ခြင်းနှင့် ပတ်သက်၍ စစ်တွေတွင် ဆရာတော်နှစ်ပါးဆန္ဒပြ

အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်ခြင်းနှင့် ပတ်သက်၍ စစ်တွေတွင် ဆရာတော်နှစ်ပါးဆန္ဒပြ
by -
နိရဥ္စရာ
အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၈ရက်နေ့က ဆရာတော်နှစ်ပါး ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းဆရာတော်နှစ်ပါးမှာ စစ်တွေမြို့ မင်းဂံအကွက် ၁၃ ၀ိဘဇ္ဇကျောင်းတိုက်မှ ဆရာတော်ဦးစက္ကိန္ဒနှင့် စက်ရုံစု ရွာသာယာရပ်ကွက် အာရက္ခဖေါင်းဒေးရှင်းကျောင်းတိုက်မှ ဆရာတော် ဦးကေသာရတို့ဖြစ်ကြောင်း သိရသည်။

အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှု၌ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲကြောင်း ပြသရန်နှင့် ရခိုင်လူမှုဘဝ တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးခေါင်းစည်းအောက်က ယခုဆန္ဒပြပွဲကို ပြုလုပ် ရခြင်းဖြစ်သည်ဟု ဆရာတော် ဦးစက္ကိန္ဒက ပြောသည်။

ယခင်ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲခဲ့သည့် သင်္ဘောလိုင်းများကို ခေတ်မီသင်္ဘောများဖြင့် အစားထိုးပြေးဆွဲရန်၊ နယ် မြို့အစုံ ယခင်ပြေးဆွဲခဲ့သည့် လိုင်းများအပြင် နောက်ထပ်သွားလာ၍ ရနိုင်သည့် လိုင်းများကိုလည်း နယ်မြို့အစုံ ပြေးဆွဲပေးရန်၊ စစ်တွေမြို့ ဆိပ်ခံတံတားများကို ခေတ်မီအောင် ပြုလုပ်ရန်နှင့် အခြားမြို့များတွင် သင်္ဘော ဆိုက်ကပ်နိုင်သည့် နေရာများ၌ ဆိပ်ခံတံတားများ ဆောက်လုပ်ပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။

ယင်းတောင်းဆိုမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား တိုက်ရိုက်လိပ်မူ၍ တောင်းဆိုသွားမည်ဖြစ်ပြီး၊ ကုလသမဂ္ဂနှင့် EU တို့မှလည်း ရခိုင်ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကူကြရန် တိုက်တွန်းတောင်းဆိုချင်သည်ဟု ဆန္ဒပြဆရာတော်နှစ်ပါးက ပြောသည်။

“အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်မှုအပိုင်းနဲ့ ပြောရရင် တအားကြီးအိုဟောင်းနေတဲ့ အဲဒီသင်္ဘောဟာ ကျောက်ဖြူကထွက်လာကတည်းက သင်္ဘောက အပေါက်ကြီး၊ အဲဒီသင်္ဘောအပေါက်ကြီးမှာ ရခိုင်လူမျိုးတွေ ရာချီပြီးတော့ စီးလာရတယ်။ လိုင်းကြီးတဲ့ ပင်လယ်ပြင်ကို ဖြတ်တယ်ဆိုတာ ဒါသေမင်းဆီကို ဦးတည်ပြီး သွားနေသလိုမျိုး တွေ့ရတယ်”ဟု ဆရာတော် ဦးစက္ကိန္ဒက ပြောသည်။

ယခု ရခိုင်ပြည်နယ်တွင် ပြေးဆွဲနေကြသည့် သင်္ဘောများတွင် မည်သည့်သင်္ဘောမျှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်စုံသည်ကို မတွေ့ရဟု ဆရာတော်က ပြောသည်။

သင်္ဘောပြေးဆွဲမှုမှာလည်း ကုန်တင်သင်္ဘော၊ ခရီးသည်တင် သင်္ဘောဆိုပြီး သတ်သတ်မှတ်မှတ်မရှိကြောင်း၊ ကုန်တင်ဆိုလျှင် ကုန်တင်သင်္ဘောသက်သက်သာ နစ်မြုပ်မည်ဖြစ်ပြီး ယခုလောက်ထိ ကြီးကြီးမားမား ပေးဆပ် ရလိမ့်မည် မဟုတ်ဟု ပြောသည်။

နောင်အနာဂတ်တွင် ရခိုင်ကမ်းရိုးတမ်း၌ ခေတ်မီသင်္ဘောများဖြင့် ခရီးသည်တင်ဆိုလျှင် ခရီးသည်တင်သက် သက်၊ ကုန်သင်္ဘောဆိုလျှင် ကုန်သင်္ဘောသက်သက် သတ်မှတ်ပြီး ပြေးဆွဲစေလိုသည်ဟု ဆရာတော်က ပြောသည်။

“လူ့အသက်ကို မနှစ်မြို့ဘူး၊ သင်္ဘောအဟောင်းကို နှစ်မြို့ပြီးတော့ လူတွေကို သေစေသလိုမျိုးဖြစ်နေတယ်။ ဒီလိုမျိုး နောက်နောင်မဖြစ်အောင် လူဆွဲသီးသန့်၊ ကုန်တင်သင်္ဘောသီးသန့် သတ်မှတ်ပြီးတော့ ခေတ်မီ သင်္ဘောတွေနဲ့ ပြေးဆွဲစေချင်တယ်”ဟု ဆရာတော်နောက်တစ်ပါး ဖြစ်သူ ဦးကေသာရက ပြောသည်။

ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ သမ္မတတို့က သင်္ဘောများကို စိစစ်မှု လုပ်နေခဲ့လျှင် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြံုရမည်မဟုတ်ကြောင်း၊ သူတို့မှာ တာဝန်ရှိသည်ဟု ဆရာတော်က ပြောသည်။

ဆရာတော်နှစ်ပါးသည် ဦးဥတ္တမ ပန်းခြံမှ လမ်းမကြီးအတိုင်း သင်္ဘောဆိပ်၊ ယင်းမှ မင်းဘာကြီးလမ်းအတိုင်း ချီတက်လာပြီး ဘီလူးမတံတား၊ မီဇံရပ်ကွက်မှ ကမ်းနားလမ်း၊ ထိုမှ ဝေသာလီလမ်းအတိုင်း ချီတက်ပြီး ဆရာတော် ဦးပညာသီဟ အုတ်ဂူတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲကို နံနက် ၈နာရီခန့်က စတင်ပြီး ၉နာရီခွဲကျော်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...