“ဒီစနစ်ကို ကောင်းမွန်အောင် လုပ်မှာ ကျွန်တော်ကိုယ်တိုင်ကို ခံစားခဲ့ရလို့လုပ်မှာ။ ကျွန်တော်ကပေးနိုင်တဲ့ လူမျိုးဆိုရင် ဘာမှမဖြစ်ပေမယ့် ဥပမာ-မပေးနိုင်တဲ့ လူတွေဆိုရင် ဝန်ထုပ်ဝန်ပိုးဖြစ်မှာလေး” ဟု ပြောသည်။
ကယား(ကရင်နီ)ပြည်နယ်၏ မြို့နယ်များတွင် ရှိနေသည့် ဝါးတားဂိတ်များသည် ခရီးသွားပြည်သူများအတွက် စိတ်အနှောက်အယှက်ဖြစ်စေပြီး တစ်ခါဖြတ် ၂၀၀ ကျပ်ဖြစ်သောကြောင့် နေ့စဉ်ဖြတ်သန်းသွားလာနေရသည့် ပြည်သူများ၊ ကျောင်းသား/သူများအတွက်နှင့် ငွေကြေးမတတ်နိုင်သော သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဦးလှထွေးက ဆက်ပြောသည်။
လွိုင်ကော်-ဒီးမော့ဆိုသို့ နေ့စဉ်ဖြတ်သန်းသွားလာနေသူ မောင်အောင်ငဲကလည်း “တခါတလေဆို ဒေါသဖြစ်မိတာပေါ့နော၊ သူတို့က သွားလာနေသူတွေရဲ့စိတ်ကို ကသိကအောက်ဖြစ်စေတယ်လေး။” ဟု ပြောသည်။
ဆက်လက်ပြီး ဘီးခွန်ဂိတ်ကို ဖြုတ်ခိုင်းပြန်လျှင်လည်း နိုင်ငံတော်အခွန်မရတော့သောကြောင့် ယခုလိုနေ့စဉ်ကောက်ခံပြီး ပြည်သူများစိတ်အနှောင့်အယှက်ဖြစ်စေမည့်အစား ဆိုင်ကယ်လိုင်စင်ပြုလုပ်စဉ်တည်းက အခွန်ကို ဆောင်စေခြင်းနှင့် တစ်နှစ်စာ ဘီးခွန်ဆောင်ခြင်းမျိုးတွေ လုပ်ပေးသင့်ကြောင်း မောင်အောင်ငဲက ပြောသည်။
ကယားပြည်နယ်၏ ပထမအကြိမ် ကယားပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၉.၁၁.၂၀၁၁ခုနှစ်)တွင် ကယားပြည်နယ်၏ မြို့ဝင်/ထွက် ဘီးခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ကယားပြည်နယ်အတွင်းရှိ မြို့နယ်အဝင်/အထွက် များတွင် စည်ပင်သာယာရေးအဖွဲ့မှ ရန်ပုံငွေရရှိရေးအတွက် ကန်ထရိုက်စနစ်ဖြင့် မော်တော်ဆိုင်ကယ် ဘီးခွန်ကောက်ခံသည့် ဂိတ်စခန်းဖွင့်လှစ်ထားရှိမှုအစား အခြားနည်းလမ်းများကို အသုံးပြုရန် အဆိုတစ်ခု တင်သွင်းခဲ့ဖူးသည်။
အခြားနည်းလမ်းနှင့် သုံးပြီး ကောက်ခံဖို့ဆိုရာတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ မြို့ဝင်ဘီးခွန်စနစ်ကို ကျင့်သုံးနေသောကြောင့် နည်းစနစ်ပြောင်းလဲကျင့်သုံးရာမှာ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်သာ ဖြစ်သည်။
ဘီးခွန်ကောက်ခံရန် လိုင်စင်ရရှိထားသူ၏ ရိုင်းပြမှုများရှိ၍ တိုင်ကြားလာပါက လေလံစည်းကမ်းအတိုင်း အရေးယူသွားမည်ဖြစ်ပြီး ဘီးခွန်ကောက်ခံသည့် ကိစ္စသည် ပြည်နယ်၏ လုပ်ပိုင်ခွင့်မဟုတ်ပဲ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့် ဖြစ်သည့်အတွက် အဆိုကို ပြန်လည်ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံအပ်ပါသည် ဟု စည်ပင်ဝန်ကြီးဦးအောင်နိုင်ဦးက လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူး၏ အဆိုကို ပြန်လည်ဖြေကြားပေးခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် အဖွဲဲ့ဝင်ငွေတိုးတက်ရရှိရန်အတွက် မြို့ဝင်ဘီးကောက်များကို စည်ပင်သာယာရေး ဦးစီးဌာန(ရုံးချုပ်)၏ ခွင့်ပြုချက်နှင့် ဈေးပြိုင်စနစ်၊ သက်တမ်းတိုးစနစ်၊ အခွင့်အရေးလိုင်စင်အဖြစ် လေလံတင်ရောင်းချနိုင်သည်။
ထို့အပြင် ဘီးခွန် လေလံလိုင်စင်ရရှိထားသူများသည် စည်ပင်သာယာရေးအဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ဘီးခွန်ကောက်လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ကောက်ယူရရှိသော ဘီးခွန်များကိုလည်း မြို့နယ် ရေပေးဝေရေး၊ လမ်းတံတားများကို ဆောင်ရွက်သည့် လုပ်ငန်းများတွင် အသုံးပြုနေကြောင်း လွှတ်တော်မှတ်တမ်းစာအုပ်ထဲတွင် ဖော်ပြထားသည်။







