ယင်းအသိပညာပွဲများကို မတ်လ ၂၀ရက်နေ့မှ စတင်ကာ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၁၃ရက်နေ့မှ ၁၇ရက်နေ့ထိ ကျင်းပပြုလုပ်မည့် သင်္ကြန်အတွက် စည်းကမ်းချက်များကိုလည်း ထုတ်ပြန် အသိပေးလျက်ရှိကြောင်း သိရသည်။
မတ်လ ၂၆ရက်နေ့က စစ်တွေမြို့ အထက (၄)ရှိ မဟာပညာကျော်ခန်းမတွင် ပြုလုပ်ခဲ့သော အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရပ်တပ်ဖွဲ့မှူးအပါအဝင် လူပေါင်း ၆၀ခန့် တက်ရောက် ခဲ့ပြီး ထုတ်ပြန်ထားသော သင်္ကြန်အတွက် စည်းကမ်းချက်များကို ဖြန့်ဝေခဲ့သည်ဟု သိရသည်။
သင်္ကြန်ကာလ မှုခင်းကျဆင်းစေရန် အဖျက်အမှောင့် ပြုလုပ်သူများ မဝင်ရောက်နိုင်ရေးအတွက် လူစည်ကားရာ နေရာများအား ၀င်ရောက်ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခြင်းနှင့် တည်းခိုခန်းများကို ဧည့်စာရင်းများ စစ်ဆေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်သလို မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများ ရောင်းချမှုမရှိစေရန် သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှောင်တခင် ၀င်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ယင်းအပြင် လိုင်စင်မဲ့ အရက်ဆိုင်များအား ရှာဖွေဖေါ်ထုတ်ဖမ်းဆီးပြီး၊ လိုင်စင်ရ အရက်ဆိုင်များအားလည်း စည်းကမ်းနှင့် ညီ/မညီစစ်ဆေးပြီး မညီညွတ်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဟု သိရသည်။
“ကျွန်တော်တို့ ညမထွက်ရ အမိန့်တွေ ရုပ်သိမ်းပြီးတဲ့ နောက်ပိုင်းမှာ စစ်တွေမြို့ ရှု့ခင်းသာလမ်းတစ်လျှောက် ညဘက်ဆိုရင် အရက်ဝိုင်း ဖဲဝိုင်းတွေကို တွေ့လာရပါတယ်။ အသံချဲ့စက်နဲ့ သတိပေးကြေညာမှုတွေ လုပ်ပြီးပါပြီ။ နောက်တွေ့ရင် ဖမ်းဆီးအရေးယူမှုတွေ လုပ်သွားမှာပါ”ဟု စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သစ်ဆန်းက ပြောသည်။
သင်္ကြန်ကာလအတွင်း မှုခင်းများကျဆင်းအောင် ရဲအင်အားကိုလည်း တိုးချဲ့ချထားမည်ဟု ရဲမှူးကြီးက ပြောဆိုသည်။
ယခုနှစ် သင်္ကြန်အတွက် ထုတ်ပြန်ထားသော စည်းကမ်းများမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ၀တ်ဆင်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ရေကစားရမည်၊ မီးသတ်ပိုက်များဖြင့် ရေပက်ကစားခြင်း မပြုရ၊ မသန့်ရှင်းသော ရေများဖြင့် ရေပက်ကစားခြင်းမပြုရ၊ ဆိုင်ကယ်များအား အိုင်ဇောဖြုတ်၍ စီးနင်းခြင်း မပြုရ၊ ရေပက်ခံ ကားများ/ဆိုင်ကယ်များကို အရက်သေစား သောက်စားမောင်းနှင်ခြင်း မပြုရ၊ ရေပက်ခံကားများပေါ်တွင် တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်ခြင်း၊ လျှို့ဝှက်ယူဆောင်ခြင်း မပြုရ၊ ကား ဆိုင်ကယ်များ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရ၊ ရေပက်ခံမဏ္ဍပ်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လမ်းပေါ်တွင် ရောက်ရှိမနေစေရ၊ သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ခြင်း မပြုရ စသည်တို့ ဖြစ်သည်။
သင်္ကြန်ပွဲကျင်းပချိန်တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ စတိတ်ရှိုး၊ အများအပန်းဖြေနေရာ၊ နံသာသွေး ပြိုင်ပွဲကျင်းပရာ နေရာ၊ သက်ကြီးပူဇော်ပွဲနှင့် နိုင်ငံခြားသားများ လုံခြံုရေးအတွက် အဓိကထား ဆောင်ရွက်သွားမည်ဟု သိရသည်။
ယခုလာမည့်သင်္ကြန်တွင် စစ်တွေမြို့၌ ဗဟိုမဏ္ဍပ်တစ်ခု၊ မိဇံရပ်ကွက်တွင် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ် ၄ခုနှင့် စတိတ်ရှိုးတစ်ခု ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။
“အရင်နှစ်တွေကဆိုရင် ညမထွက်ရအမိန့်ထုတ်ထားတော့ ညဆယ်နာရီဆိုရင် ပွဲကသိမ်းပြီးဆိုတော့ ညဘက် လုံခြံုရေး ဆောင်ရွက်ရတာ သိပ်အခက်အခဲမရှိဘူး။ ဒီနှစ်မှာ ညမထွက်ရအမိန့်လည်း ရုပ်သိမ်းထားပြီးဆိုတော့ လုံခြံုရေးကို အထူးသတိထား ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဌေးက ပြောသည်။
၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယာဉ်မတော်တဆမှု ၄မှုဖြစ်ပွားခဲ့ရာ ယခုနှစ်တွင် ယင်းထက်လျော့ကျအောင် ယာဉ်ထိန်း ရဲအုပ်နှစ်ဦးနှင့် ဒုရဲအုပ်နှစ်ဦးက ဦးဆောင်ပြီး ၄နေရာခွဲ၍ နေရာသတ်မှတ် ဆောင်ရွက်သွားမည်ဟု သိရသည်။







