“မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ ဘယ်ခေါင်းစဉ်နဲ့တင်ရင်ကောင်းမလဲဆိုတာ ပဏာမအနေနဲ့ လာကြည့်ကြတာ။ မနေ့က မြောက်ဦးမြို့ကို သွားကြည့်ကြတော့ UNESCO အဖွဲ့ကပါလာတဲ့ ရှေးဟောင်းသုတေသန ပညာရှင် ဒေါက်တာရစ်ချတ်ဆိုရင် မြောက်ဦးတစ်လျှောက်လုံးကို သူတော်တော်သဘောကျတာ။ ထုက္ကန်သိမ်ကိုလည်း သဘောကျတယ်လို့ ပြောသွားတယ်” ဟု မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာသို့ပြောသည်။
ယင်းနေ့ကလာရောက်လေ့လာခဲ့ရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်စန္ဒာခင်၊ အဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် ဝန်ထမ်းအချို့အပါအဝင် ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးအချို့လည်း လိုက်ပါလာခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယင်းသို့လေ့လာအပြီး ယင်းနေ့မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ယဉ်ကျေး မှုဝန်ကြီးနှင့် အဖွဲ့သည် ဒေသခံများနှင့် တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
“ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ ကမ္ဘာ့စံသတ်မှတ်ချက် ၆ချက်ရှိတယ်လို့ ဝန်ကြီးက ပြောတယ်။ အဲဒီ ၆ ချက်ထဲက တစ်ချက်နဲ့ကိုက်ညီရင် စာရင်းဝင်နိုင်တယ်လို့လည်း ဆိုတယ်။ အဲလိုဝင်နိုင်ဖို့ ဘယ်လိုပြင်ဆင်သင့်သလဲဆိုတာ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်”ဟု အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြောက်ဦးမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်ကျော်ဇောက ပြောသည်။
မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရန် အချိန်အားဖြင့် လေးနှစ်ခန့်ကြာမြင့် ဦးမည်ဖြစ်သည်ဟုလည်း ဝန်ကြီးတို့က ပြောကြားခဲ့သည်ဟု ဆိုသည်။
“အဲဒီကာလအတွင်း လက်ရှိ မြောက်ဦးမှာရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်”ဟု ဦးမောင်ကျော်ဇောက ဆိုသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းတွင် မြောက်ဦးကိုထည့်သွင်းလိုက်နိုင်ပါက မြောက်ဦးရှိ ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းသွားနိုင်မည်ဖြစ်ပြီး ကမ္ဘာကလည်း စိတ်ဝင်စားမှုများပြားလာမည်ဖြစ်သည်ဟု မြို့ခံများက သုံးသပ်ပြောဆို နေကြသည်။
ယင်းအပြင် မြောက်ဦးသို့ ကမ္ဘာလှည့်ခရီးသွားများလည်း လာရောက်လည်ပတ်မှု မြင့်တက်လာမည်ဖြစ် ပြီး ဒေသခံများ၏ လူနေမှုဘဝနှင့် အလုပ်အကိုင်များသည်လည်း တိုးတက်ဖွံ့ဖြိုးလာနိုင်သည်ဟု မှတ်ချက်ပြုနေကြသည်။







