မင်းတပ်မြို့ စည်ပင်စျေးမီးလောင်မှု ကျပ်သိန်း ရ၀ ကျော်ဆုံးရှူံးဟုဆို

မင်းတပ်မြို့ စည်ပင်စျေးမီးလောင်မှု ကျပ်သိန်း ရ၀ ကျော်ဆုံးရှူံးဟုဆို
by -
ခိုနူမ်းထုန်
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆိုင်ခန်းပေါင်း ၃၈ ခန်းမီးလောင်ကျွမ်းခဲ့သော မင်းတပ်မြို့ စည်ပင်စျေး၏ ဆုံးရှုံးမှုပမာဏမှာ ကျပ်ငွေ သိန်း ရ၀ ကျော်ရှိသည်ဟု မင်းတပ်မြို့အုပ်ချူပ်ရေးမှူး ဦးငွေဒိုးကပြောသည်။

“ မီးသတ်ဦးစီးဌာနရဲ့ တွက်ချက်မှုအရ ရ၁ သိန်း ၂ သောင်း ဆုံးရှုံးသွားတယ်လို့သိရတယ်၊ မီးသတ်ရဲ့နှုန်းထားနဲ့ထွက်ချက် တာပေါ့’’ ဟု ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ စည်ပင်စျေးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၂ နာရီခွဲခန့်က စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး ဆိုင်ခန်းပေါင်း ၃၈ ခန်းနှင့် လူမှုဝန်ထမ်းအဆောက်အအုံတစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မင်းတပ်မြို့အခြေစိုက် We Love Chinland အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ် မင်းတပ်လူငယ်ခေါင်းဆောင်လည်းဖြစ်သည့် ကိုဆလိုင်းရှယ်အောင်ကတော့ စည်ပင်စျေးမီးလောင်ကျွမ်းမှု၏ဆုံးရှံူးမှုပမာဏမှာ ကျပ်ငွေ သိန်းထောင်ချီရှိနိုင်ကြောင်း ပြောဆိုသည်။

“ သူတို့ဘယ်လိုထွက်ချက်သလဲတော့မသိဘူး။ ဒါပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူး သိန်း ရ၀ ဆိုတာ အိမ်တစ်လုံးခ လောက်ဘဲရှိတာလေ၊ သာမန်အရပ်သားတစ်ယောက်အနေနဲ့ တွက်မယ်ဆိုရင်တောင် သိန်းထောင်ချီဆုံးရှုံးနိုင်တာပေါ့’’ ဟု ဆလိုင်းရှယ်အောင်ကပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ သားသတ်လိုင်စင်ရယူထားသော ဦးအောင်လောဟာ၏ သားဖြစ်သူက ဖခင်ဖြစ်သူ နှင့်စကားများပြီး မကျေနပ်သဖြင့် စျေးဆိုင်ခန်းကို မီးရှို့ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးငွေဒိုးက ပြောသည်။

“ သားဖနှစ်ယောက်ရန်ဖြစ်ပြီးတော့ သားဖြစ်သူက အဝတ်အစားတွေမီးရှို့တယ် အဲဒီကနေ စလောင်တာပေါ့၊ သူ့ကိုလည်း ကျနော်ဖမ်းထားပြီးပါပြီ အချူပ်ထဲရောက်နေပါပြီ’’ ဟု အုပ်ချူပ်ရေးမှူးကဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...