"တစ်နေ့တစ်နေ့ရေဝယ်သုံး နေရတာ ခုဆို လုံးဝမတတ်နိုင်တော့ဘူး။ ဒီမှာကတစ်နေ့လုပ်တစ်နေ့စား သမားတွေပဲဆိုတော့ ပိုဆိုးတာပေါ့။ ရေဖိုးနဲ့မတတ် နိုင်ကြတော့ဘူး။ ဒီမှာရှိတဲ့ သူတွေဆိုရေတောင်မချိုးရဘူး ”ဟု နာနတ်တော ရပ်ကွက်မှ ရေရရှိရေး ကော်မတီ ဥက္ကဌ ဦးကိုကျော်က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
၂၀၁၁ ခုနှစ်လောက်က မြို့နယ်စည်ပင်မှ ရပ်ကွက်အတွင်းသို့ ရေဖြန့်ဝေပေးမှုများရှိခဲ့သော်လည်း တနှစ်ခန့်သာ ရေရရှိခဲ့ ပြီး ယနေအထိ သောက်သုံးရေအတွက် အခက်ခဲဖြစ်နေသည်မှာ ၃ နှစ်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် သောက်သုံးရေကို မြေနိုမ့် ပိုင်းရှိ ရေရရှိသော အိမ်များထံမှ ပြန်လည်ဝယ်ယူသုံးစွဲနေရကြောင်း လည်းပြောသည်။
ရေတစ်စည် ကို ကျပ်ငွေ ၆၀၀၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲနေရသည့်အတွက် နေ့စဉ်ဝင်ငွေ၏ ထက်ဝက်ခန့် ကုန်ကျကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ကလေးတွေကိုဆို ရေမချိုးပေးရဘူး ရေကရွှေလိုပဲလေ။ ဝယ်သုံးရတာ ကျောင်းသားတွေ လည်းရှိတယ်။ ကျောင်းစရိတ်က တစ်မျိုး ရေဖိုးနဲ့ ပိုက်ဆံတော်တော်ကုန်တယ်။ အရင်ရေပေးတုန်းက အဆင်ပြေတယ် ခုက အရမ်းနဲ့ခက်ခဲနေတယ်လေ ”ဟုပြောသည်။
ရပ်ကွက်အတွင်း ရေရရှိရေးအတွက် ကော်မတီများဖွဲ့စည်းပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ယနေ့အထိ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး လက်ထောက်ညွှန်မှူး ဦးသန်းထွန်းကလည်း ၂၀၁၆ ဘဏ္ဍနှစ်အတွင်း ၎င်း ရပ်ကွက်များအပြင် တခြားရေရှားပါးသည့် ရပ်ကွက်အချို့ကို ၂၄ နာရီ ရေရရှိရေးဆောင်ရွက်မည်ဟု ကန္တာရဝတီတိုင်းမ် သို့ပြောသည်။
“သူတို့ရေမရတာ သုံးနှစ်ရှိပြီ အကိုတို့လည်း နည်းလမ်းရှာတာပေါ့။ ခုက ပိုက်တွေ ကွဲတာတွေရှိတယ်၊ အောက်ဖက်က ရေခိုးသွယ်တာတွေရှိတယ် ရေဘားတွေကို ထုခွဲတာတွေရှိတယ်။ အဲ့ဒါတွေကို ဒီကဒေသခံနဲ့ ပူးပေါင်းပြီးတော့ ပြင်မယ်။ ရေမရတဲ့အိမ်တွေ အကုန်လုံးကို မရရအောင်လုပ်ပေးမယ်" ဟု ပြောသည်။







