ယခု အချိန် ကချင်ပြည်နယ် ဒေသအသီးသီးမှ PJS အဖွဲ့ ခေါင်းဆောင်များနှင့် PJS အဖွဲ့ဝင် အင်အား ၁၀၀၀ ကျော်သည် ၀ုိင်းမော်မြို့ရှိ အသင်းတော်များတွင် စခန်းချလျက် ရှိနေကြပြီး နေ့စဉ် လူအင်အားသစ်များလည်း ရောက်လာနေကြောင်း သိရသည်။
PJS ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကြား ကန်ပိုင်တီဒေသတွင် ‘မြင်ရတဲ့ ဘိန်းခင်းတွေကို မဖျက်ဆီးနိုင်သေးလို့ စိတ်မကျေနပ် ဖြစ်နေကြောင်း’ ပြောဆိုနေကြခြင်းကို ကြားသိရသည်။
မြန်မာအစိုးရ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ထိန်းချုပ်သော ကန်ပိုင်တီဒေသ ဘိန်းခင်း ဖျက်ဆီးရေးနှင့် ပတ်သက်ပြီး PJS ခေါင်းဆောင်များ အစည်းအဝေး ဆက်တိုက် ပြုလုပ်နေသည်ဟု ၀ိုင်းမော်မြို့နယ် PJS ခေါင်းဆောင်များ ပြောသည်။
PJS အဖွဲ့များ လူအင်အား အလုံးအရင်းဖြင့် မကြာမီ ကန်ပိုင်တီဒေသသို့ ထပ်မံ ထွက်ခွာဖွယ် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အပတ် ဖေဖေါ်ဝါရီ ၂ရက်နေ့တွင် ဘိန်းခင်း ဧက ထောင်ပေါင်းများစွာရှိသော ကန်ပိုင်တီ၊ မော်စီတုန်းဒေသသို့ PJS အဖွဲ့တစ်ဖွဲ့ ပထမဆုံး ၀င်ရောက်ခဲ့သည်။ သို့သော် အတူလိုက်ပါလာသော အစိုးရ လုံခြံုရေးတပ်ဖွဲ့များ က ဘိန်းခြံပိုင်ရှင်များ၏ လေးဂွ၊ ကျောက်ခဲ များဖြင့် တိုး၍ တိုက်ခိုက်လာမှုများကို မဟန့်တားနိုင်ခြင်းကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ PJS အဖွဲ့ကို ရုပ်သိမ်းပေးခဲ့သည်။
လုံခြံုရေးတပ်ဖွဲ့ အင်အား တိုးမြှင့်ပေးရန် ပြည်နယ်အစိုးရသို့ PJS အဖွဲ့မှ စာဖြင့် တောင်းဆိုမှုပေါ် ပြည်နယ်အစိုးရနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ လုံခြံုရေး ထပ်မံ မပေးနိုင်ကြောင်းကို အကြောင်းပြန်ခဲ့သည်။
ယင်း အခြေနေမှာ PJS အဖွဲ့များ ကန်ပိုင်တီဒေသသို့ တက်လာပါက ဘိန်းခြံပိုင်ရှင်များ၏ တိုက်ခိုက်မှု ယခင်ထက် ပိုပြင်းထန်လာနိုင်ကြောင်း လေ့လာသူများ ပြောဆို နေကြသည်။







