ဘိန်းခြံပိုင်ရှင်များ၏ ၀ုိင်းရံပိတ်ဆို့ပြီး လေးဂွ၊ ကျောက်ခဲ များဖြင့် ပစ်ခတ်တိုက်ခိုက် လာမှုကြောင့် မောစီတုန်းဒေသတွင် ၃ ရက်ကြာရောက်ရှိနေသည့် အင်အား ၃၀၀ ခန့် ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ PJS သည် ဘိန်းခင်း မဖျက်ဆီးနိုင်ဘဲ ဖေဖော်ဝါရီ ၅ ရက်နေ့ ယင်းဒေသမှ ဆုတ်ခွာခဲ့သည်။
လုံခြံုရေး တာဝန်အဖြစ်လိုက်ပါသွားသော အစိုးရ ရဲ နှင့် စစ်သားများသည် ဘိန်းခြံပိုင်ရှင်များ၏ တိုး၍တိုက်ခိုက် လာမှုကို ထိထိရောက်ရောက် ကာကွယ်ပေးခြင်း မရှိသောကြောင့် လုံခြံုမှုမရှိသဖြင့် PJS အဖွဲ့များ ဆုတ်ခွာ သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် PJS အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အစိုးရထံ လုံခြံုရေးအင်အားတိုးမြှင့်ပေးရန် ကချင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦး လဂျွန်ငန်ဆိုင်းထံ ယင်းနေ့တွင် စာပို့တောင်းဆို ခဲ့သည်။
သို့သော်လည်း အစိုးရမှ ‘လုံခြံုရေး မပေးနိုင်တော့ကြောင်း’ ကို ပြည်နယ်အစိုးရနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှုး ဗိုလ်မှူးချုပ် ၀င်းဗိုလ်ရှိန် တို့မှ ယခုအပတ် အစောပိုင်းက အကြောင်းပြန်ခဲ့ကြောင်းကို PJS ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကိုပြောသည်။
အစိုးရဘက် “နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် ၂၀၁၈ နောက်ဆုံးထား ဘိန်းပပျောက်ရေး အစီစဉ်ဖြင့် လုပ်ဆောင်နေချိန်တွင် ကန်ပိုင်တီဒေသကို တက်လာခဲ့ပါက ဒေသခံများနှင့် ပြဿနာဖြစ်ပွားနိုင်ချေရှိသည်” ဟု ပြောခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင်း ဘိန်းအများဆုံး စိုက်ပျိုးသည့် ကန်ပိုင်တီဒေသသည် ယခင် ဦးဇခုန် တိန့်ယိန်း ဦးဆောင် သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA-K နယ်မြေ ဖြစ်ပြီး၊ ယခု အစိုးရ နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ နယ်မြေဖြစ်သည်။
ကမ္ဘာ့ ဒုုတိယ ဘိန်း အများဆုံး စိုက်ပျိုးသည့် မြန်မာနိုင်ငံတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့သည် ဘိန်း အများဆုံး စိုက်ပျိုးသော ပြည်နယ်များဖြစ်သည်။ အဓိက ဘိန်းများကို နေပြည်တော် အစိုးရပေါ်သစ္စာခံသည့် နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်တပ်ဖွဲ့ တို့ ထိန်းချုပ်ရာ နယ်မြေများတွင် စိုက်ပျိုးသည်။
ကမ္ဘာတွင် ‘ဘိန်းဘုရင်’ အဖြစ် နာမည်ထွက်ခဲ့သူ နှစ်ဦးဖြစ်သည့် ကွယ်လွန်သွားသော ဦးခွန်ဆာ နှင့် Asia World Company (Myanmar) ပိုင်ရှင် Lo Hsing Han တို့ ကို အစိုးရက ဖမ်းဆီး အရေးယူခြင်း မပြုပဲ အကာကွယ် ပေးခဲ့သည်။
ယခု ကန်ပိုင်တီသို့ တက်ရန်ပြင်နေသည့် အင်အား ၁၂၀၀ ကျော်ရှိ ကချင် ခရစ်ယန်ဂိုဏ်းပေါင်းစုံ ပါ၀င် ဦးဆောင်သည့် PJS အဖွဲ့သည် ၀ုိင်းမော်မြို့ အသင်းတော်များ တွင် စခန်းချလျှက်နေကြသည်။ တချိန်တည်းတွင် ဟူးကောင်း ချိုင့်ဝှမ်းနှင့် ချီဖွေလမ်း ရှငေါ ဒေသများရှိ ဘိန်းခင်းများ ဖျက်ဆီးပြီး ပြန်လာကြသည့် PJS အဖွဲ့များလည်း ၀ုိင်းမော်သို့ အားဖြည့်လာကြကြောင်း သိရသည်။
အစိုးရမှ လုံခြံုရေး မပေးနိုင်သည့် အတွက် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ ကန်ပိုင်တီ ဒေသတွင် ဘိ်န်းခင်းတိုက်ဖျက်ရေး အစီစဉ် ဆက်လက် လုပ်မည် မလုပ်မည် အပေါ် ကချင်ပြည်နယ် ဒေသအသီးသီး မှ PJS အဖွဲ့ ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်ရန် ရှိကြောင်း သိရသည်။







