အထိမ်းအမှတ် အထူးဆုတောင်းပွဲတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အဓိကထား ဆုတောာင်းခြင်းနှင့် ကချင်လူငယ်များ သိသင့်သိထိုက်သော လက်ရှိ နိုင်ငံရေး၊ စစ်ရေးနှင့် စစ်ဘေးဒုက္ခသည် အခြေနေများကိုလည်း ဟောပြောသွားမည်ဖြစ်ကြောင်း အစီအစဉ် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဆရာ ဂျာယုန်က ပြောသည်။

သူက ဆက်ပြီး ယခုတော်လှန်ရေးနေ့အထိမ်းအမှတ်ဆုတောင်းပွဲကြီးကို မြစ်ကြီးနား ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ပါ၀င်ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လူငယ် တစ်ထောင်ကျော်ခန့် တက်ရောက်မည်ဟု ဆိုသည်။
ဆုတောင်းပွဲကို မနောကွင်းတွင် ပြုလုပ်ရန် ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ သဘောမတူညီသည့် ကြားက လူငယ်များ စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆရာဂျာယုန်က ကချင်သတင်းဌာန KNG ကိုပြောသည်။
ပြည်နယ်အစိုးရထံမှ ခွင့်ပြုမိန့် မရသောကြောင့် ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ မနောကွင်းတွင် မပြုလုပ်ရန် လူငယ်များကို ပြောခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကော်မတီဝင် တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံ ဒီမိုကရေစီအစိုးရ တက်လာပြီးနောက်ပိုင်း မြစ်ကြီးနား မနောကွင်းကြီးအတွင်း မနောပွဲတော်ဆင်နွှဲခြင်း သို့မဟုတ် အခြား လူထုလှုပ်ရှားမှု အစီအစဉ်ကြီးများ ပြုလုပ်ခွင့်ကို ကချင်ပြည်နယ်အစိုးရမှ ထိန်းချုပ်ထားသည်ဟု လေ့လာသိရှိရသည်။







