ဘိန်းခင်း အထူထပ်ဆုံး နေရာတစ်ခုဖြစ်သော မော်စီတုန်းနယ်သို့ ကချင် လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ၎င်းတို့သည် ဓားများ ကိုင်ဆောင်ထားသော အင်အား ၄၀၀ ကျော်ရှိ ဘိန်းခြံပိုင်ရှင်များ၏ ၀ိုင်းထားခြင်းခံနေရသည်ဟု မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတန်ဂွန်း ပြောသည်။

၀ိုင်းမော်မြို့နယ်မှ ကန်ပိုင်တီ ဒေသကို ယခင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)၊ ယခု အစိုးရ နယ်ခြားစောင့်တပ်မှ ထိန်းချုပ်ထားခြင်းဖြစ်သည်။
ယခု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွင် အစိုးရဘက်မှ လုံခြံုရေးယူပေးသော ရဲတပ်ဖွဲ့အင်အား ၂၀ ခန့်နှင့် စစ်သားများ လိုက်ပါနေသော်လည်း အဝိုင်းခံနေရသူများ၏ လုံခြံုရေးအတွက် စိုးရိမ်ကြောင်း ဆရာတန်ဂွန်းက ကချင်သတင်းဌာန KNG ကို ပြောသည်။







