မူးယစ်ဆေးဝါးတားဆီးရေး အစိုးရသစ်လက်ထက် တိုးမြှင့်ဆောင်ရွက်ရန် တိုင်းရင်းသားလူငယ်များ အကြံပြုဆွေးနွေး

မူးယစ်ဆေးဝါးတားဆီးရေး အစိုးရသစ်လက်ထက် တိုးမြှင့်ဆောင်ရွက်ရန် တိုင်းရင်းသားလူငယ်များ အကြံပြုဆွေးနွေး
by -
ကန္တရဝတီတိုင်း(မ်)
တိုင်းရင်းသားနှီးနှောဖလှယ်ပွဲတွင် မြင်တွေ့ရသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလူငယ်များ Kayah Resort ဟိုတယ်တွင် မြင်တွေ့ရစဉ်။ ဓါတ်ပုံ - ဖြိုးဝေအောင်
တိုင်းရင်းသားနှီးနှောဖလှယ်ပွဲတွင် မြင်တွေ့ရသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလူငယ်များ Kayah Resort ဟိုတယ်တွင် မြင်တွေ့ရစဉ်။ ဓါတ်ပုံ - ဖြိုးဝေအောင်
လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ဖြန့်ဖြူးခြင်း တားဆီးရေးဆိုင်ရာ အစီအစဉ်အတွက် လာမည့်အစိုးရသစ် လက်ထက်တွင် တရားဥပဒေစိုုးမိုးရေးအတွက် ဆောင်ရွက်ပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက် လာနိုင်စေရန် လွိုင်ကော်မြို့ Kayah Resort ဟိုတယ်တွင် ကျင်းပသည့် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲတွင် တင်ပြဆွေးနွေးခဲ့ကြသည်။

တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် လက်နက်ကိုင်ပြီး အာဏာတလွှဲသုံးပြုနေသသည့်အဖွဲ့များ ရှိနေခြင်းတို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ရောင်းဝယ်ဖြန့်ဖြူးခြင်းများ ပိုမိုမြင့်လာရခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် လူငယ်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ ဦးရဲနောင်ထွဋ္ဋ် ဟောပြောသွားသည်။

 “ကျနော်တို့မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးခြင်း အားနည်းတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ထုတ်လုပ်ဖြန့်ချိ ရောင်းဝယ်ခြင်းတွေ ပိုဆိုးလာတယ်။ မူးယစ်ဆေးဝါး အန္တရာယ်ကို ကာကွယ်တိုက်နိုင်ဖို့ဆိုရင် အဓိက စားကျက်ကို မဖြုတ်နိုင်ရင် ဘာမှမထူးဘူး။ နိုင်ငံရေး၊ စီးပွားရေး အသာစီးရဖို့ လက်နက်သဖွယ်သုံးနေတာကို ရပ်တန့်ဖို့ ဒီနေရာကနေတောင်းဆိုချင်ပါတယ်”ဟု တိုင်းရင်းသားလူငယ်များနှီးနှောဖလှယ်ပွဲ ပထမနေ့တွင် သူက ဟောပြောသွားခြင်းဖြစ်သည်။

စစ်မှန်သောငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခြင်းမရှိခြင်း၊ ပြည်တွင်းစစ်မရပ်တန့်နိုင်ခြင်း ရှိနေသရွေ့ မူးယစ်ဆေးဝါး အန္တရာယ် လျော့ချနိုင်မည်မဟုတ်ကြောင်း ရှမ်းပြည်အရှေ့ပိုင်းမှ တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာသော လားဟူလူငယ် ကြန်ယေရှဲ က ဆိုသည်။

“ငြိမ်းချမ်းရေးမရရှိသရွေ့ကတော့ ဒီမူးယစ်ဆေးဝါး ပြဿနာတော့ ရှုပ်ထွေးနေမှာပဲ ။အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ တပ်နဲ့ပိုပြီးနီးစပ် တာပေ့ါ။ ပြည်သူ့စစ်လို့ခေါ်တယ်။ နယ်ခြားစောင့်တပ်တွေခေါ်တယ်။ သူတို့ ဒီတပ်သားတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘူး။ အထူးသဖြင့် ပြည်သူ့စစ်က လစာခံစားမှုက နည်းတယ်။ အဲအတွက် ကြားပေါက်တွေရှာကြတယ်။ အဲဒါတွေ ကျနော်သာမက တွေးတတ်တဲ့လူတိုင်းက သိတယ် ဒီပြသာနာကို ။အဲတော့ တက်လာမယ့်အစိုုးရသစ်မှာ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးမှုရှိမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ စောင့်ကြည့်ရမယ်။”ဟု ကြန်ယေရှဲက ပြောသည်။

မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ဖြန့်ဖြူးခြင်းသည် နိုင်ငံရေး၊ စီးပွားရေး ရောထွေးရုံသာမက အထူးသဖြင့် လူငယ်များအကြားနှင့် တက္ကသိုလ်ကျောင်းသားများအကြားတွင် ကျယ်ပြန့်လာနေကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုထားကြသည်။

တက်လာမည့်အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲခြင်းရှိလာနိုင်သော်လည်း မူးယစ်ဆေးဝါးဆိုင်ရာ ကာကွယ်တားဆီးရေးပိုင်းတွင် မမျှော်လင့်နိုင်သေးကြောင်း ကယားပြည်နယ်မှ တက်ရောက်လာသော ခူးပလဲရယ်က ဆိုသည်။

“တက်လာမယ့် အစိုးရသစ်လက်ထက်မှာတော့ ပြုပြင်ပြောင်းလဲမှုတွေတော့ လုပ်လိမ့်မယ်။ ဒါပေမယ့် မျှော်လင့်ထားသလောက်တော့ မသွားဘူးလို့ ကျနော်မြင်တယ်။ သူတို့မှာ ဒီထက်လုပ်ရမယ့် ပိုပြီးအလေးထားလုပ်ရမယ့်အပိုင်းတွေလည်း အများကြီးရှိနေသေး တယ်ဆိုတော့ ကျနော်တစ်ယောက်အမြင်နဲ့က တရားဥပဒေစိုးမိုးမှုအပိုင်းမှာတော့ လုပ်တော့လုပ်လာလိမ့်မယ်။ အဲတော့ မူးယစ်ဆေးဝါး နဲ့ပတ်သက်တဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းမှာတော့ နည်းနည်းတော့ အားပိုနည်းလိမ့်မယ်လို့ သုံးသပ်မိပါတယ်။”ဟု ခူးပလဲရယ်က ပြောသည်။

ယင်းနှီးနှောဖလှယ်ပွဲတွင် လူငယ်နှင့်မူးယစ်ဆေးဝါးဆိုင်ရာ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်၊ လူငယ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူငယ်နှင့် ခေါင်းဆောင်၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် တိုင်းရင်းသားစာပေ စသည့်ခေါင်းစဉ်(၅) ခုဖြင့် ဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။

၎င်းဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုုးများ၏ စာပေနှင့် ယဉ်ကျေးမှု ကို သိရှိနားလည်ပြီး အပြန်အလှန် နားလည်လေးစားမှုရှိခြင်း၊ တိုင်းရင်းသားလူငယ်အချင်းချင်း တွေ့ဆုံညှိနှိုင်းရာမှ အဖွဲ့အစည်းများ ပါ၀င်လုပ်ကိုင်လာစေနိုင်ခြင်း၊ အချင်းချင်းချစ်ခင်ရင်းနှီးမှု ယုံကြည်မှုတည်ဆောက်လာနိုင်ခြင်း၊ တိုင်းရင်းသားလူငယ်အချင်းချင်း အတူတကွ ပူးပေါင်းနေထိုင်ခြင်း နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အားနှင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေခြင်း စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

ယခုအကြိမ် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီး ဇန်နဝါရီ (၂၄)ရက်နေ့မှ (၂၆)ရက်အထိ ကျင်းပခဲ့သည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ကြပြီး လူဦးရေ(၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...