လူထု အင်အားကြီးဖြင့် ကချင်ပြည်နယ်အရှေ့ဘက် ဘိန်းခင်းဖျက်ဆီးရေး စတင်

လူထု အင်အားကြီးဖြင့် ကချင်ပြည်နယ်အရှေ့ဘက် ဘိန်းခင်းဖျက်ဆီးရေး စတင်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ဘိန်းခင်းများ ဖျက်ဆီးရှင်းလင်းရေးအတွက် လူထုအင်အားကြီးသည် ဇန်နဝါရီ ၁၈ ရက်နေ့က ၀ုိ်င်းမော်မြို့တွင် စုရုံးရောက်ရှိနေပြီဖြစ်သည်။

ယင်းကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွင် ကချင်ပြည်နယ် မြို့နယ်ပေါင်းစုံ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ လူအင်အား ၁၂၀၀ ကျော်ပါ၀င်ပြီး အဖွဲ့ ၁၂ ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးခြင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

၀ုိင်းမော်မြို့နယ်သည် ကချင်ပြည်နယ်တွင် ဘိန်းအများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။ အဓိက အစိုးရထိန်းချုပ်သည့် ဆဒုံးဒေသ နှင့် ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ယခု အစိုးရနယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်သော ကန်ပိုင်တီဒေသတို့တွင် ဘိန်းကို လွတ်လွတ်လပ်လပ် စိုက်ပျိုးနေခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက်နေ့က ၄င်းဒေသသို့ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ၀ုိင်းမော်မှ ထွက်ခွာရန်ပြင်ဆင်နေချိန် ဘိန်းခင်းပိုင်ရှင်များက တုတ်ချောင်းများကိုင်စွဲကာ ကားလမ်းမ ပိတ်ဆို့ဆန့်ကျင်ခဲ့ခြင်းကြောင့် ပြည်နယ်အစိုးရမှကြားဝင်၍ အစီအစဉ်ကို ခေတ္တရပ်ဆိုင်းစေခဲ့သည်။

သို့သော် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းမှုပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့များလိုက်ပါလုံခြံုရေးပေးမှုဖြင့် အဆိုပါဒေသ ၂ ခုသို့ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းကို ဇန်နဝါရီ ၂၃ ရက်နေ့ ပြန်စမည်ဖြစ်ကြောင်း သိရသည်။

ယခုချိန် လူထုအင်အားဖြင့် ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းများကို ဟူးကောင်းချိုင့်ဝှမ်းဒေသနှင့် ပူတာအိုခရိုင်တို့တွင်လည်း အင်တိုက်အားတိုက်လုပ်ဆောင်နေသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြိုနယ်အတွင်း ဘိန်းခင်းများဖျက်ဆီးနေချိန် ဇန်နဝါရီ ၁၅ ရက်နေ့က  ဘိန်းခင်းဖျက်ဆီးရေးတွင်အဖွဲ့မှ မောင်လထော်ယောသပ်တူးစိုင်း၊ အသက် ၁၉နှစ်သည် ဘိန်းခင်းပိုင်ရှင်များ၏ တူမီးသေနတ်ဖြင့် ချောင်းမြောင်း ပစ်သတ်ခြင်း ခံခဲ့ရသည်။ မောင်တူးစိုင်းသည် မိုးကောင်းမြို့နယ် လဘန်ကျေးရွာမှ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်ပြီးလျှင် ကချင်ပြည်နယ်သည် ဘိန်းအများဆုံးစိုက်ပျိုးသောဒေသဖြစ်သလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် အဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ဘိန်း ဒုတိယအများဆုံးစိုက်ပျိုးသော နိုင်ငံဖြစ်သည်။

၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများပြန်လည် ဖြစ်ပွားလာပြီးနောက် ဘိန်းစို်က်ခင်းများ တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အစီရင်ခံစာတွင် ပါရှိသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...