ထားလဲကျေးရွာတွင် နှစ်စဉ်ရေရှားပါးမှုနှင့် သောက်သုံးရေ မသန့်ရှင်းမှုများ ကြံုတွေ့နေရ

ထားလဲကျေးရွာတွင် နှစ်စဉ်ရေရှားပါးမှုနှင့် သောက်သုံးရေ မသန့်ရှင်းမှုများ ကြံုတွေ့နေရ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲ ကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း ရေရှားပါးသည့် ပြဿနာကြံုတွေ့နေကြရ သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

သောက်သုံးရေရှိရန်အတွက် ဖရူဆိုမြို့မှ ရေသွားရောက်သွယ်ယူပြီး ကျေးရွာရေလှောင်ကန်နှစ်ကန်၌ သွယ်ယူအသုံးပြု ထားသော်လည်း လုံလောက်မှုမရှိကြောင်း ထားလဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရယ်က ပြောသည်။

“ရေကနွေရာသီကျရင် ပိုက်တွေပေါက် ရေကမလာ အားနည်း အဲ့လိုတွေဖြစ်တာပေါ့။ အရင်ကဆိုပိုဆိုးတယ်။ ခုက ဖရူဆိုကနေ သွယ်လာတဲ့ရေကို အားထားပြီးသုံးနေရတာပေါ့။ ဒီရေကလည်းနွေရာသီဆို မရတော့ဘူး။ ရွာထိပ်မှာရှိတဲ့ ကန်နီထဲကရေကို ကျောက်ချဉ်တွေ ထည့်ပြီးသုံးရတယ်။ ဒီမှာအခက်ခဲဆုံးက သောက်သုံးရေပဲ ” ဟု ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

နွေရာသီရောက်ရှိပါက ရေရရှိမှု အားနည်းလာသောကြောင့် ရွာထိပ်တွင်ရှိသော ရေကန်(ကန်နီ) ထဲမှရေကို ကျောက်ချဉ်များထည့်ကာ သုံးစွဲနေကြရသည်မှာ နှစ်ရှည်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု သိရသည်။

၎င်းကန်သည် ဘိုးဘွားစဉ်ဆက်ကပင် အသုံးပြုခဲ့သည့်အပြင် ကျွဲ၊ နွား တိရိစ္ဆာန်များလည်း အသုံးပြုလျက်ရှိနေသည့်အတွက် သန့်ရှင်းမှုမရှိကြောင်း သိရသည်။

နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်းတစ်ခုသို့တင်ပြခဲ့ရာတွင် ဝေးလံသည့်မနောဒေသမှ ရေထွက်ပေါက်မှ သွယ်ယူရန် ကြိုးစားပေးခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

“ရေကရှားတယ်လေ၊ ဒီကန်ထဲကရေကိုပဲ သုံးကြတယ် အရင်က။ ခုကဖရူဆိုကယူလာတဲ့ ရေရှိတော့ နည်းနည်း အဆင်ပြေတယ်။ ဒါပေမယ့်နွေရာသီဆို မရတော့ဘူး။ ဒီကျွဲလူးကန်ကိုပဲ သောက်သုံးကြရတယ် ဒါပဲရှိတယ်လေ။ သုံးဖို့ ဒီကန်လည်း ခမ်းသွားရင် တခြားဝေးတဲ့ ရွာကချောင်းတွေမှာ သွားခပ်ရတာပေါ့ ” ဟု ထားလဲကျေးရွာတွင် ခေါင်ရည် ချက်ရောင်းနေသော ဈေးသည်တစ်ဦး ကပြောသည်။

နွေရာသီ ရေခမ်းသည့်ကာလတွင် ဖရူဆိုမြို့မှ သွယ်ထားသည့် ရေလှောင်ကန်နှင့် ကျေးရွာအတွင်း ကန်နီသည်လည်း မလုံလောက်သည့်အတွက် ၄ မိုင်ကျော်ဝေးသည့် ရေထွက်ပေါက်သို့ စက်များ ၊ ထော်လဂျီများဖြင့် သွားခပ်ယူကြရသည်ဟု သိရသည်။

ဖရူဆိုမြို့နယ်တွင်းရှိ ထားလဲကျေးရွာတွင် အိမ်ခြေ (၈၉)အိမ် အိမ်ထောင်စု(၈၉)စု နှင့် လူဦးရေ (၄၁၈) ဦး နေထိုင်ကြပြီး နှစ်ပေါင်းများစွာကတည်းက သောက်သုံးရေ ရှားပါးသည့်ဒဏ်ကို ခံနေကြရခြင်းဖြစ်ပြီး အသစ်တက်လာမည့် အစိုးရအနေဖြင့် ၎င်းအခက်ခဲများကို ဖြည့်ဆည်းပေးစေလိုသည်ဟု ဒေသခံများက ဆန္ဒရှိနေကြကြောင်း လေ့လာသိရှိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...