ကယားပြည်နယ်အတွင်းရှိ ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပြီးသော ပြည်ထောင်စုလမ်းမကြီးအား ပြည်သူများ ရေရှည်ပုံမှန် ခရီးသွားလာနိုင်ရေး၊ မြို့နယ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး စသည်တို့အတွက် လမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းတံတားဖြတ်သန်းခနှင့် ဝန်ပိုတင်ဆောင်ခ ကောက်ခံခြင်းတို့အား မည်သို့စီမံဆောင်ရွက်ထား သည်ကို သိရှိလိုခြင်း မေးခွန်းကို ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၂)မှ ကိုယ်စားလှယ် ဦးနှင်းဝေ ၏ မေးမြန်းခြင်းကို ၎င်းအစည်းအဝေးမှာ ပြည်ထောင်စု ဒု-ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လမ်းတံတားဖြတ်သန်းခနှင့် တန်ပိုစည်းကမ်းထိန်းသိမ်းရေးဂိတ်များကို ပြည်ထောင်စုအစိုးရမှ တာဝန်ယူထားသည့် (တောင်ငူ-လိပ်သို-ယာသို-လွိုင်ကော်)လမ်း နှင့် (တောင်ငူ-မော်ချီး-လွိုင်ကော်)လမ်းတို့အတွက် လမ်းဆုံကျတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လည်းကောင်း၊ (ဖါးဆောင်း-မယ်စဲ့နန်-မယ်စဲ့-နမ့်မန်း)လမ်းအတွက် ဖါးဆောင်းမြို့ရှိ သံလွင်တံတား(ဖါးဆောင်း)အနီးတွင် တည်ဆောက်သွားရန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းထားပြီးဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒု-ဝန်ကြီးက ဖြေကြားသွားသည်။
ကယားပြည်နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးကို ယာဉ်ကြီး၊ ယာဉ်ငယ်များ နေ့စဉ်အသုံးပြုသွားနေပြီး တန်ပိုတင်ဆောင်နေသော သစ်လုံးတင်ကားကြီးများ ဖြတ်သန်းသွားလာနေသော်လည်း ကြီးကြပ်နိုင်ခြင်းမရှိသည့်အတွက် လမ်းများပျက်စီးမှုရှိနေသည်ကို ထိန်းသိမ်းရန် လွှတ်တော်သို့ မေးမြန်းရခြင်းဖြစ်သည်ဟု ကယား(ကရင်နီ)ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၂) ဦးနှင်းဝေက ပြောသည်။
“ပြည်သူလူထုတွေ အဆင်ပြေပြေနဲ့ သွားလာအောင်ပေါ့ အဲ့ဒီလို ရေရှည်သွားလာနိုင်အောင် နိုင်ငံတော်ဘဏ္ဍာလည်း မဆုံးရှုံးစေနိုင်အောင် တစ်ဖက်တစ်လမ်းကနေလည်း တန်ပိုတင်ဆောင်ခတို့ ဖြတ်သန်းသွားလာခ(အခ)တို့ ယာဉ်တွေကိုပေါ့ ကြီးကြပ်ဆောင်ရွက်ပေးသင့်တယ်ဆိုပြီးတော့ ကျနော်က ဒီမေးခွန်းကို မေးတာပေါ့နော်” ဟု လွှတ်တော်အစည်းအဝေး အပြီး မြန်မာ့အသံ(MRTV)သို့ ပြောကြားခဲ့သည်။
ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ပြည်ထောင်စုအစိုးရက တာဝန်ယူထားသည့် လမ်းအပိုင်း(၃)ခုရှိပြီး အမှတ်(၁)လမ်းအဖြစ် (တောင်ငူ-လိပ်သို-ယာသို-လွိုင်ကော်-ဟိုပုံး)လမ်း၊ အမှတ်(၂)လမ်းအဖြစ်(တောင်ငူ-မော်ချီး-လွိုင်ကော်)လမ်းနှင့် အမှတ်(၃)လမ်းအဖြစ် (ဖါးဆောင်း-မယ်စဲ့နန်-မယ်စဲ့-နန့်မန်း)လမ်းတို့ဖြစ်ပြီး ကျန်လမ်းအပိုင်းများကို ပြည်နယ်အစိုးရက တာဝန်ယူစီမံသည်ဟု သိရသည်။
ပြည်နယ်အတွင်းရှိ လမ်းများအနက် လမ်း(၆)လမ်း၏ မိုင်ပေါင်း (၂၅၇)မိုင်နှင့် (၃)ဖါလုံကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ဆောက် လုပ်ရေးဝန်ကြီးဌာနမှလည်းကောင်း၊ လမ်း(၁၇)လမ်း၏ လမ်းမိုင်ပေါင်း(၃၃၃)မိုင်နှင့် (၇.၉၆)ဖါလုံကို ကယားပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသွားမည်ဖြစ်သည်။
ကယားပြည်နယ်အတွင်းရှိ ကတ္တရာလမ်း၊ကျောက်ချောလမ်း စုစုပေါင်း (၂၃)လမ်းရှိပြီး လမ်းမိုင်စုစုပေါင်း (၅၉၁)မိုင်နှင့် (၂.၉၆)ဖါလုံရှိပြီး (၄၅)ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကလည်းကောင်း၊ (၅၅)ရာခိုင်နှုန်းကို ပြည်နယ် အစိုးရအဖွဲ့ကလည်းကောင်း အသီးသီး စီမံခန့်ခွဲသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားအရ သိရသည်။







