တပ်ကိုယ်စားလှယ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာနိုင်ဟု ဝေဖန်မှုထွက်ပေါ်

တပ်ကိုယ်စားလှယ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာနိုင်ဟု ဝေဖန်မှုထွက်ပေါ်
by -
မဇ္စျိမ
ကာကွယ်ရေးဦးစီးချုပ်မှတင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ်လည်းဖြစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးသန်းရွှေ၏ သားမက်လည်းဖြစ်သူက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာကတဆင့် ဝေဖန် သုံးသပ်ထားသည်။

"၂၀၁၁ ခုနှစ် မတ်လကုန်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းခဲ့သည့် သာဓကများနှင့် ဆက်စပ်စဉ်းစားမည်ဆိုလျှင်၊ ဗိုလ်မှူးချုပ်သိန်းနိုင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်လာမည်လား စဉ်းစားဖွယ်ရာဖြစ်သည်။" ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ထားသည်။

ရန်ကုန်တိုင်းလွှတ်တော်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ စာရင်းတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူတစ်ဦးတည်း ပါဝင်သူ ဗိုလ်မှူးချုပ် သိန်းနိုင်သည် ကာချုပ်ဟောင်း ဦးသန်းရွှေ၏ သားမက်တစ်ဦးလည်းဖြစ်သည့်အပြင်၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်ဟောင်းဦးသန်းရွှေ၊ လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးထားမှုများအရ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်သည်ဟုလည်း ဝေဖန်ထားသည်။

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့စဉ်က ကရင်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ရန် ဗိုလ်မှူးချုပ် အဆင့်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဇော်မင်းကို ပြည်နယ်တပ်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ ထိုမှတဆင့် သမ္မတဦးသိန်းစိန်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ဖူးသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ခန့်အပ်ရေးနှင့် ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က "ဝန်ကြီးချုပ်ကို ဖွဲ့စည်းပုံအရ သမ္မတကပဲခန့်ရမှာပါ၊ အဲဒီတော့သမ္မတခန့်ပြီးမှပဲသိနိုင်မယ်။ ကာချုပ်က ဗိုလ်မှူးချုပ်ကို ထည့်ထားလို့ သူဖြစ်နိုင်တယ်ဆိုတာကတော့ ပြောနေဝေဖန်နေသူတွေရဲ့ သဘောထားပဲဖြစ်ပါတယ်။ အစိုးရအဖွဲ့အတွက်ကိုလည်း ဆုံးဖြတ်ထားရင်တော့ ထုတ်ပြန်ပေးနိုင်မှာပေါ့။ လွှတ်တော် ကိစ္စတွေပြီးမှ အစိုးရကိစ္စလုပ်နိုင်မှာပါ။" ဟုဆိုသည်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက အဆိုပြုပြီး သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်လွှတ်တော်များက အတည်ပြု ခန့်အပ်ရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ခန့်အပ်ရေးနှင့် ပတ်သက်ပြီး လက်ရှိတိုင်းလွှတ်တော် တာမွေမဲဆန္ဒနယ်အမှတ် ကိုယ်စားလှယ် ဦးအေးသိန်းက "ပြီးခဲ့တဲ့အစိုးရတုန်းကတော့ အရမ်းသိသာတယ်။ တပ်ဖက်မှာ ရာထူးအမြင့်ဆုံး ဦးမြင့်ဆွေဆိုတာ၊ အခုတော့မပြောတတ်ဘူး။ ဒါပေမယ့် NLD ရဲ့ ပြည်သူ့အစိုးရ ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတော့ ပြည်သူနဲ့နီးတဲ့သူ၊ ရွေးကောက်ခံရတဲ့သူတွေထဲက ခန့်မယ်လို့လည်းထင်တယ်။ တပ်က ဗိုလ်မှူးချုပ် တစ်ယောက်ထည့်တယ်ဆိုတာက သူတို့ဖက်ကလျာထားတာဖြစ်နိုင်သလို နယ်လုံအတွက်လည်းဖြစ်နိုင်တယ်။" ဟု သုံးသပ်သည်။

ဇန်နဝါရီလ ၁၈ရက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့သည့် တိုင်းနှင့် ပြည်နယ် တပ်မတော် လွှတ်တော်ကိုယ်စားလှယ် ၂၂၁ဦးတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ ဗိုလ်မှူးချုပ် သိန်းနိုင်တစ်ဦးတည်းသာ ရန်ကုန်တိုင်းလွှတ်တော် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ပါရှိနေသည်။

ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်သို့ပေးပို့သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ပါရှိသည့် ဗိုလ်မှူးချုပ် သိန်းနိုင်မှအပ အခြားပြည်နယ်နှင့် တိုင်းလွှတ်တော်တပ်မတော်သား ကိုယ်စားလှယ်များတွင်မူ ဗိုလ်မှူးကြီး အဆင့်ရှိသူများသာ ရာထူးအကြီးဆုံးအဖြစ် ပါဝင်ကို တွေ့ရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...